Friday, December 2, 2011

မွေးနေ့မှာ ပျော်ရွှင်ပါစေ မေ


မေ
သမီးတို့ သားအမိက ဒီဇင်ဘာလ မွေးတာချင်း တူတယ်နော်။
ဒါကြောင့်ထင်တယ်။ သမီးက မေ နဲ့ တူတာတွေများတယ်နော်။ စိတ်မြန်တတ်တာ၊ မဟုတ်မခံ ပြောတတ်တာ၊ စိတ်ထဲရှိတာကို မထိန်းချုပ်တတ်တာ၊ ဒေါသကြီးတာတွေက မေ နဲ့ တူတာတွေပေါ့။ ဟုတ်တယ်နော် မေ။ မေ သိလား… တခါတလေ သမီးမှာ ၀မ်းနည်းစရာတွေရှိရင် မေ့ အသံလေးဖြစ်ဖြစ် ကြားချင်မိတာ။ ငယ်ငယ်က သမီးကို မေ က မချစ်ဘူးလို့ထင်ပြီး တွေးတွေးပြီး ၀မ်းနည်းတတ်တာ။ နေမကောင်းဖြစ်ရင် အရမ်းစိတ်ပူတတ်တဲ့ မေ့ကို သနားလို့ ကြိတ်မှိတ်ခံခဲ့ဖူးတယ်။ မေ ကပြောတယ်လေ… ငါ့သမီးကြီးက နေမကောင်းဖြစ်ရင် ဘယ်လောက်မကောင်းနေနေ အမေ မေးလိုက်ရင် ဘယ်တော့မဆို ကောင်းတယ်ချည်း အမြဲပြောတတ်လို့ အမေနည်းနည်းတော့ စိတ်ချမ်းသာသေးတယ်လို့ မေ ပြောတဲ့ စကားကို အမြဲသတိရနေတုန်းပဲ။  နေမကောင်းရင် သမီးကြောင့် မေ စိတ်ညစ်ရတာတော့ ရှိပါတယ်။ ဆေးသောက် သိပ်ကြောက်တဲ့ သမီးကို ဆေးတိုက်ရတဲ့ ဒုက္ခက မသေးဘူး မဟုတ်လား မေ။ ဆေးသောက်ရင် ဆေးတွေကော ရေတွေကော ပြန်အန်ထွက်တတ်တဲ့ သမီးကြောင့် မေ စိတ်ညစ်ခဲ့ရမှာပဲ။ ပြီးတော့ သမီးကို စိတ်တိုင်းမကျတာတွေလည်း အများကြီးရှိတယ် မဟုတ်လား။ ဒီနေ့ မေ့ ရဲ့ မွေးနေ့မှာ ဖုန်းနဲ့ပဲ မွေးနေ့ဆုတောင်းပေးနိုင်တာကိုလည်း ခွင့်လွှတ်ပါ။ ဒီနေ့နံနက်စောစာ ဆူးလေဘုရားဝင်ပြီး မေ့ရဲ့ မွေးနံထောင့်မှာ ပန်းလှူခဲ့တယ် မေ။ မေ ပျော်ရွှင်ပါစေ။ မေ့ ကိုသိပ်ချစ်တယ်။
မွေးနေ့ပေါင်းများစွာကို မေ့ရဲ့ ‘ကို’ နဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါစေ။ :)
 

(ဟဲဟဲ မေ က ဖေဖေ့ကို စိတ်ကြည်နေတဲ့ အချိန်တွေမှာ ‘ကို’ လို့ခေါ်တယ် မဟုတ်လား။ ပြီးတော့ ရယ်စရာကောင်းတဲ့ အခေါ်အဝေါ်တစ်ခုလည်း ရှိသေးတယ်။ အဲဒါက ‘နင်တို့အဖေ' တဲ့။ ဖေဖေ့ကို စိတ်တိုနေတဲ့ အချိန်တွေဆို နာမည်ကို လေသံခပ်မာမာနဲ့ ခေါ်တတ်တာလေ။)


Image and video hosting by TinyPic

No comments:

Post a Comment