Thursday, December 1, 2011

အချစ်ဦးဆိုတဲ့ ဆူးကလေးရယ်


ကြည်ဇင်နှင်း
'ထပ်တလဲလဲ မက်သည့်
အိမ်မက်တွေထဲမှာ
ပျော်ရွှင်မှုနှင့် စိုးရွံ့မှု၊
ကြည်နူးမှုနှင့် ပူပန်မှုတွေ
တစ်လှည့်စီ ခံစားရင်း
အိပ်မွေ့ကျအောင်
သူ ပြုစားခဲ့သည်'
မတွေ့တာ ကြာပြီဖြစ်သော သူငယ်ချင်းများနှင့် ဆုံတွေ့လိုသောကြောင့် တစ်ကြောင်း၊ တစ်ခါတစ်ရံ အလုပ်ခွင့်နှင့် မပတ်သတ်သော ပြင်ပလောကကို ထိတွေ့လိုသော စိတ်ကြောင့် တစ်ကြောင်း တဖွဖွ ဖိတ်ကြားခဲ့သည့် ငယ်သူငယ်ချင်း ထား၏ အလှူသို့ မွန်ရောက်သွားသည်။ ခြံအ၀င်လမ်း တစ်လျှောက်ရှိ ပုဏ္ဍရိက်ပင်တန်းလေးက ဟိုးယခင်ကလိုပင် ညီညီ ညာညာမို့ လက်ဖျားလေးနှင့် စိတ်မှတ်မဲ့စွာ တို့ထိရင်း မွန်းလျှောက်လာခဲ့သည်။ အပြေးကလေးလာကြိုရှာသော ထား၏ မျက်နှာပေါ်မှာ ၀မ်းသာလှိုက်လှဲခြင်းအပြည့် တွေ့ရသော အဆက်အသွယ်ဖြတ်ထားခဲ့သော ကာလများစွာအတွက် မွန် အားတုံ့အားနာ ဖြစ်သွားသည်။
            '၀မ်းသာလိုက်တာ မွန်ရယ်၊ အေးအေးဆေးဆေး နေရမယ်နော်၊ ဒီနေ့ ဆေးခန်းပိတ်တယ် မဟုတ်လား'
            'နေပါ့မယ် ထားရယ်၊ မုန့်တွေလည်း အများကြီး စားပါ့မယ်'
            ထားက ကြည်လင်ရွှင်ပျစွာ ရယ်မောလိုက်သည်။ ထားမိသားစု၏ အံ့သြ၀မ်းသာစွာ နှုတ်ဆက်မှုကြားမှာ မွန်စိတ်တွေ နွေးထွေးလာပါသည်။ အချိန်စောနေသေး၍ သူငယ်ချင်းများကို စောင့်ရင်း ဓာတ်ပုံအယ်လ်ဘမ် အချို့ကို ဖွင့်ကြည့်နေမိသည်။ ထား၏ ဖေဖေနှင့် မေမေက အခြားဧည့်သည်များကို နှုတ်ဆက်နေပါသည်။
            'ဘာပဲပြောပြော ယောက်ျားနဲ့ မိန်းမ အသက်အရမ်းအကွာတော့ မိန်းမက လှချင်ပချင် နုပျိုနေတုန်း အရွယ်မှာ ယောက်ျားက စိတ်ကျသွားပြီ၊ ဘယ်အဆင်ပြေပါ့မလဲ'
            'ဒါတင် ဘယ်ကမလဲ၊ ဆရာကြီးရဲ့ မိန်းမက ဆရာကြီးနဲ့ လိုက်ဖက်တဲ့ အတွေးအခေါ် အဆင့်အတန်းလည်း မရှိဘူးလေ။ သူ့အမျိုးသမီးကြောင့် ဆရာကြီးခမျာ ခဏခဏ မျက်နှာပျက်ရတယ် မဟုတ်လား'
            မွန် ထိုင်နေသော နေရာနှင့် မလှမ်းမကမ်းဝိုင်းမှ အမျိုးသမီးကြီးနှစ်ဦး၏ စကားသံကို နားထောင်ရင်း တစ်ချိန်တုန်းက ထိုအဓိပ္ပာယ်မျိုးဆန်ဆန် ပြောခဲ့ဖူးသူ တချို့ကို သတိရလိုက်မိသေးသည်။ မကြာမီိ ငယ်သူငယ်ချင်း အေးနှင့် နု ရောက်လာ၍ မွန်တို့ဝိုင်းက စိုပြည်သွားပါသည်။ အေးက မွန်၏ ကြာဇံချက် ပန်းကန်ထဲသို့ ငုံးဥနှင့် ငါးဖယ်လုံးလေးတွေ ဆယ်ထည့်ပေးရင်း ခပ်တိုးတိုး စကားဆိုသည်။
            'ဒီလိုပဲ မနေနဲ့လေ မွန်၊ သင့်တော်မယ့် တစ်ယောက်ယောက်ကိုတော့ ရွေးဖို့ ကောင်းပြီ'
            'ဟုတ်တယ် မွန်ရဲ့၊ နုရဲ့ တူမလေးတွေဆိုရင် တစ်ယောက်မကောင်း တစ်ယောက်ဂျောင်းပဲ၊ တစ်ခါတလေ သူတို့ အတွေးတွေကို ကိုယ်တောင် လိုက်မမီဘူး'  
            အေးနှင့် နုကို အငေးသားကြည့်ပြီး ဘာမှ ပြန်မပြောနိုင်သော မွန့်ကို ထားက မြန်မြန်ကယ်တင်လိုက်ပါသည်။
            'တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ဘယ်တူပါ့မလဲ၊ မွန် တစ်ခါတလေ လာတာ တခြားစကားပဲ ပြောကြပါစို့ကွာ'
            'ထားရေ…ဖုန်းလာတယ်'
            'ဟုတ်ကဲ့ မေမေ'
            တယ်လီဖုန်း ချပြီး ပြန်လာသော ထား၏ မျက်နှာပေါ်က စိုးရွံ့မှု အရိပ်အယောင်ကြောင့် စကားဝိုင်းက ခေတ္တငြိမ် သက်သွားသည်။
            'ကိုကို လာမယ်တဲ့ မွန်'
            အေးက စိတ်တိုသည့် လေသံနှင့်
            'သူ မလာဘူးဆိုလို့ မွန့်ကို မရမက ခေါ်ထားရတာ' ဟုဆိုသည်။
            'အခု သူ ဒီနားရောက်တော့မယ်တဲ့၊ မွန် ထားကို စိတ်ဆိုးမှာလား'
            မွန်သည် သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်ပြီး ထားကို နှစ်သိမ့်လိုက်သည်။
            'သြော်…ထားရယ်၊ နှစ်တွေ ဒီလောက်ကြာခဲ့ပြီပဲ၊ တို့နှစ်ယောက်က ရန်သူတွေလည်း မဟုတ်ကြပါဘူး၊ တွေ့ရင်လည်း အရေးမကြီးတော့ပါဘူး'
            သူငယ်ချင်းများနှင့် စကားဆက်ပြောနေရင်း မွန့်စိတ်ထဲမှာ ခံစားမှု တစ်စုံတစ်ရာရှိမနေတာ သတိပြုမိသည်။ အချိန်ကာလ၏ ရွေ့လျားမှုအောက်မှာ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံအမျိုးမျိုး၊ လောကဓံအမျိုးမျိုးက မွန့်ကို ရင့်ကျက်ပြောင်းလဲစေခဲ့ပြီဟု ထင်သည်။ မွန့်အတွေးများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အောက်တိုဘာလ၏ ညနေခင်လေး တစ်ခုဆီသို့ ပျံ့လွင့်သွားလေသည်။
ဒိတ်ခနဲ နှလုံးက ဆောင့်ခုန်သွားပြီး ရင်ညွန့်ထဲမှ နှလုံးခုန်သံသည် နားစည်ထဲက ထွက်လာသလို မြည်ဟည်းနေသည်။ ပါးပြင်နှစ်ဖက်နှင့် နားရွက်ဖျားတွေ ထူပူရှိန်းဖိန်းလာပြီး သူ့အကြည့်ကို ဘယ်လိုမှ ရင်မဆိုင်နိုင်အောင် ဖြစ်ရမည်။ ခေါင်းငုံ့ကာ မျက်လွှာချထားမိသော်လည်း သူ့မျက်ဝန်းတွေက အာရုံထဲမှာ တ၀ဲလည်လည်။
            'ကိုကို နားလည်ပါတယ် ကလေးရယ်၊ ကိုကိုလည်း ရင်တွေ ခုန်လိုက်တာ ဒီမှာ စမ်းကြည်ပါဦး'
            ကုလားထိုင် လက်ရန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော မွန့်လက်ဖ၀ါးကို သူက ညင်သာစွာ ဆွဲယူရင်း သူ၏ ၀ဘက်ရင်ညွန့်မှာ ဖိကပ်လိုက်သည်။ သူ့နှလုံးခုန်သံသည် မွန့်လက်ဖျားမှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံး အနှံ့စီးဝင်သွားသည်။ ဟင့်အင်း…မဟုတ်ဘူးဟု မွန့်စိတ်ထဲက ကယောင်ကတမ်း ငြင်းဆန်နေသော်လည်း စကားသံအဖြစ် ထွက်မလာခဲ့။ အမြဲတစေ၊ ရဲရင့်ပွင်းလင်းခဲ့သော မွန်သည် လည်ချောင်းဝ၌ တစ်စုံတစ်ခု တစ်ဆို့နေသလို အာခေါင်ထဲ ခြောက်သွေ့ပြီး မျက်လုံးများ ပြာဝေနေသည်။
            'ကြည်စမ်း၊ လက်ဖျားတွေ အေးစက်နေလိုက်တာ၊ ရေခဲတုံး အတိုင်းပဲ'
            ကိုကိုက အသာအယာ ရယ်မောရင်း စကားဆိုသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က ဘာမှ မဟုတ်သေးသော သူနှင့် မွန်တို့၏ အခြေအနေသည် ယခုတော့ ပြောင်းလဲသွားခဲ့ပြီ။ တစ်လောကလုံးက ၀ိုင်းကြည့်ခြင်း ခံရသလို၊ ဘာကိုမှ မမြင်တော့သလို ရှက်စိတ်နှင့် တစ်ကိုယ်လုံး ထူပူပြီး သူ့ရှေ့မှာ ခေတ္တပျောက်ကွယ်သွားချင်လှသည်။ အဖြူထည် ဘ၀လေးမှ လှေကားတစ်ထစ် ပြောင်းလဲသော လှုပ်ရှားမှုကို လက်မခံလိုသော်လည်း သူ့အနားမှ မခွာချင်အောင် တွယ်ငြိနေသော စိတ်ဝိညာဉ်က ပိုမိုခိုင်မာနေပြန်ပါသည်။
            ထိုအချိန်ကတည်းက မွန်၏ အိပ်မက်တွေ စတင်ခဲ့တာ ဖြစ်သည်။ ထပ်တလဲလဲ မက်သည့် အိပ်မက်တွေထဲမှာ ပျော်ရွှင်မှုနှင် စိုးရွံ့မှု၊ ကြည်နူးမှုနှင့် ပူပန်မှုတွေ တစ်လှည့်စီ ခံစားရင်း အိပ်မွေ့ကျအောင် သူပြုစားခဲ့သည်။ သူဟာ မွန့် အိပ်မက်ထဲက ချစ်သူပါပဲ။
အဦးဆုံးသော ခံစားမှုတိုင်းသည် သဘာဝအကျဆုံး ခံစားမှုဖြစ်သည်ဟု ဆိုလျှင် သူသည် ထိုခံစားမှုကို ပေးစွမ်းနိုင်ခဲ့သည့် တစ်ဦးတည်းသော လူသားသာဖြစ်သည်။ သူ့မျက်နှာကို တစ်နေ့မမြင်ရလျှင် စိတ်တိုင်းမကျနိုင်အောင် အရူးအမူးဖြစ်ရသည်။ သူ့အနားမှာ နေရသည့် အချိန်တိုင်း သူ့ကိုသာ ငေးမော ကြည်နူးမိသည်။
            ကိုကိုက…မွန့် ဆံနွယ်စတို့ကို သူ့လက်ဖ၀ါးနှင့် အုပ်ကိုင်ပြီး ညည်းညူသလို ပြောဖူးသည်။
            'ကိုကိုရဲ့ ကလေးလေး၊ ညည်းကို လက်ထပ်ဖို့ နေနေသာသာ ပိုးပန်းရမယ့် အရွယ်တောင် မရောက်သေးသလိုပဲ'
            မွန်သည် ရုတ်တရက် မျက်ရည်တွေ လည်လာကာ ကိုကို့ဒူးခေါင်းကို လက်သီးဆုပ်ဖြင့် ထုတော့သည်။ မပြည့်စုံမှု ကြားထဲက မွန်သည် ပြည့်စုံကြွယ်ဝသူတွေ အလယ်မှာ မျက်နှာငယ်ရမြဲမို့ ကိုကိုနှင့် မွန်တို့၏ ကွာခြားလှသော တံတိုင်းကို တတ်နိုင်သလောက် သေးကျုံ့အောင် ကြိုးစားမိသည်။ သို့သော အတွေ့အကြုံ နုနယ်သော မွန်၏ စေတနာဖြင့် ပြုလုပ်သမျှ အရာတို့သည် အထင်အမြင် လွဲမှားမှုဖြင့်သာ အမြဲ အဆုံးသတ်သည်။
            'မွန်က ကလေး သိပ်ဆန်တာပဲကွာ၊ မိန်းမတစ်ယောက်ဟာ ချစ်တတ်ပြီဆိုရင် လူကြီးလို ရင့်ကျက်အောင် ကြိုးစားရတယ်'
            ကိုယ့်ကိုယ်ကို အလွန်မာနကြီးသည်ဟု ထင်ခဲ့သော မွန်သည် ကိုကို့ရှေ့မှာ ပကတိသိုးငယ်လေးပမာ။ ဥစ္စဓန အတွက် အကြံဉာဏ်ကောင်း အားနည်းရှာသည့် မွန့်မိဘတို့၏ ချို့ယွင်းချက်ကို ထိပါးပြောဆိုခဲ့သော ကိုကို့အသိုင်းအ၀ိုင်း က စကားတွသည် မွန့်ကို အနာတရဖြစ်စေခဲ့သည်။ သို့ရာတွင် မွန်သည် ကိုကို့မျက်နှာ တစ်ခုတည်းကြောင့် ဘာမဆို လည်စင်းခံဖို့ အသင့်ဖြစ်နေသည်။ အတန်းထဲမှာ စာအတော်ဆုံး မွန်ဟာ ကိုကို့အချစ်ကို စိုးရိမ်ပူပန်မှုကြောင့် အဆင့်ကျလာတော့ ထားက သူ၏ ၀မ်းကွဲအစ်ကို 'ကိုကို့' ကို ရန်တွေ့ခဲ့သည်။ မွန်ကိုလည်း ကျိတ်ဆူသည်။
            'မွန်နော်… နင်က ပိုကြိုးစားပြရမှာ မဟုတ်လား'
            တစ်နေ့… ကိုကို လာမည် ဆို၍ ထားတို့အိမ်မှာ အကြာကြီး စောင့်နေခဲ့ရသည်။ ကိုကိုရောက်လာတော့ အချိန်အတော်လင့်လှပြီ။ ကိုကို့မျက်နှာက ပြိုလုလုမိုးလို ညိုပြီး သက်ပြင်းသာ အခါခါ ချနေသည်။
            'ကိုကို… ဘာဖြစ်နေတာလဲဟင်'
            'ကိုကိုကလေ.. . မွန့်ဘ၀မှာ ခေါင်းမော့နေတာကိုပဲ မြင်ချင်တယ်။ အောင်မြင်ပျော်ရွှင်စေချင်တယ်၊ မွန်ပျော်နေမယ်ဆိုရင် ကိုကို့လောက် ၀မ်းသာတဲ့သူ ဒီကမ္ဘာမှာ ရှိမှာ မဟုတ်ဘူး'
            'ကိုကို ပြောတာ မွန် နားမလည်ဘူး'
            ''ကလေးရဲ့ ဘမှာ ရှေ့ဆက်ရမယ့် ခရီးတွေ အများကြီး ကျန်သေးတယ်၊ ကိုကိုကြောင့် မွန့်ရဲ့ အောင်မြင်မှုတွေ ရပ်တန့်သွားမှာ၊ ထိခိုက်နစ်နာသွားမှာ ကိုကို မလိုလားဘူး
            'အို… မသိဘူး၊ ကိုကို မွန့်ကို ချစ်ရမှာပဲ'
            အိမ်အပြန်လမ်းတစ်လျှောက် မွန့်လက်ဖျားကို ဆုပ်ကိုင်ထားသည့် ကိုကို့လက်တွေ လွတ်ထွက်သွားမျာ စိုးသည့်အလား။ အိမ်နား ရောက်ခါနီးမှ ဖြေလျှော့ပေးလိုက်သည့် လက်အစုံဟာ တစ်သက်လုံးစာအတွက်ဆိုတာ ကြိုတင်သိခဲ့လျှင် မွန် ကိုကို့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့မှာပေါ့ ကိုကို။
အလူးအလဲ ခံစားခဲ့ရသည့် အချိန်တုန်းက ကိုကိုနှင့် ချစ်ခဲ့မိသည့် ဘ၀၏ အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်၍ ရမည်ဆိုလျှင် ဖြတ်တောက်ပစ်ချင်လှအောင် နာကျင်ခဲ့သည်။ ဘာတစ်ခုမျှ အတွေ့အကြုံ မရှိသည့် မွန့်ရင်ထဲကို အဦးဆုံးသော ခံစားမှုတွေ ထည့်ပေးပြိး ပိတ်လှောင်ထားနိုင်ခဲ့သူဟု အပြစ်တင်လိုလှပါသည်။
            ကောင်းကင်ပြာနှင့် တိမ်ဖြူလွှာတို့ကို မော့ကြည့်တိုင်း 'သည်ဘ၀မှာ နှမ လက်လျှော့ နေရစ်ပါတော့' ဆိုသော တယ်လီဖုန်းထဲက စကားသံကို ပြန်လည်ကြားယောင်ကာ ကြေကွဲခဲ့ရသည့် နေ့တွေ…
            ပြိုးပြိုးပြက်ပြက် ကြယ်တွေ လက်သည့် မိုးကောင်းကင်ကို မတုန်မလှုပ် စိုက်ငေးကြည့်ရင်း 'တစ်နေရာ တစ်မိုးအောက်မှာ သူလည်း မွန့်လို ရှိနေမှာပါ' စု ဖြေသိမ့်ခဲ့ရဖူးသည့် ညတွေ…
            တစ်စုံတစ်ယောက်၏ ပုခုံးစွန်းမှာ မှီနွဲ့ရှိုက်ငိုလိုက်သည့် အခါတိုင်း ကိုကိုရေဟု အသံမထွက်အောင် မြည်တမ်းခဲ့ ရသည့် အလွမ်းတွေ…
            အားလုးကို ကျော်ဖြတ်ပြီး မွန့်ဘ၀ကို 'ဒေါက်တာမွန်မွန်ရည်' အဖြစ် တင့်တယ်စေခဲ့ပြီ။ ပညာနှင့် စိတ်ဓာတ် အရည်အချင်းကိုသာ မြတ်နိုးကိုးကွယ်လိုသော မွန်သည် မိမိ၏ ရပ်တည်ချက်ကို ဘယ်သောအခါမှ မပြောင်းလဲခဲ့ပါ။
            'မွန်က သိပ်ငယ်နေသေးတဲ့ အချိန်မှာ သူက အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို တော်တော်ကျော်လွန်ခဲ့ပြီ ဆိုတော့ အကြောင်းကြောင်းတွေ တွက်ဆပြီး ဆုံးဖြတ်သွားတာနေမှာပါ၊ ကိုကိုက မွန့်ကို ချစ်ရှာပါတယ်'
            ထားက မွန် စိတ်သက်သာရာ ရအောင် နှစ်သိမ့်ပေးခဲ့သော်လည်း ကိုကို့အသိုင်းအ၀ိုင်း အငွေ့အသက် အားလုံးနှင့် ဝေးရာမှာသာ ရှောင်ရှားနေမိသည်က မွန်၏ ပျော့ညံ့ချက်ဟု ဆိုနိုင်ပါသည်။
            ခြောက်သွေ့ တိတ်ဆိတ်နေသော မွန့်နှလုံးသားကို စိုပြည်လန်းဆန်းအောင် ကြိုးစားလိုသူက အတန်းတူ သူငယ်ချင်း ဒေါက်တာမောင်မောင်အောင်။ အလွန်ပျော်ရွှင်တတ်သော သူ့ကို စာသင်ရက် ကာလရှည်ကတည်းက မွန် အားကျခဲ့ဖူးသည်။
            'လူဆိုတာ တစ်နေ့ထက် တစ်နေ့ ပြန်ပြီး ငယ်သွားတဲ့သူ မရှိဘူး။ အသက် ငယ်နေသေးလို့ လူကြီးတွေလို မရင့်ကျက်သေးတာ အပြစ်မှ မဟုတ်တာ၊ ကိုယ့်အရွယ်နဲ့ လိုက်ဖက်တဲ့ ရင့်ကျက်မှုမျိုး ရှိဖို့ပဲ လိုတယ်'
            ကွင်းဆင်းလေ့လာရေး ခရီးစဉ်တစ်လျှောက် သူ့ရဲ့ ခေါင်းဆောင်ပီသမှု၊ ဆက်ဆံရေး ပြေပြစ်မှု၊ ကူညီဖေးမမှုတွေ ကို အမှတ်ထင်ထင် ဖြစ်ခဲ့ရသည်။ စိတ်ထားကောင်းပြီး ပျော်ရွှင်တတ်သော သူ့ကြောင့် မေ့လျော့ထားခဲ့တာ ကြာပြီဖြစ်သော မွန်ရဲ့ ရယ်မောခြင်းတွေကို ပြန်လည်တွေ့ရှိလာခဲ့သည်။ သူ့ကို လက်ခံဖို့ စဉ်းစားတိုင်း တွေဝေနေမိသည့် စိတ်ကိုတော့ မွန် နားမလည်နိုင်သေးပေ။
'ကိုကို လာနေပြီ မွန်'
            ထား၏ သတိပေးသံကြောင့် အတိတ်သို့ ပျံ့လွင့်သွားသော စိတ်အစဉ်ကို စုစည်းလိုက်ရသည်။ ကားစက်သံ သဲ့သဲ့ကြားပြီး ကိုကို့ကို ရိပ်ခနဲမြင်လိုက်ရသည်နှင့် မွန့်ရင်ထဲ ဒိတ်ခနဲဖြစ်သွားပြီး ပရမ်းပတာ ရင်ခုန်လာသည်။ လက်ဖျား၊ ခြေဖျားများက အေးစက်နေသော်လည်း နှလုံးခုန်သံ တဆတ်ဆတ်ကြောင့် ရင်ထဲမှာ ပူနွေးတုန်ယင်နေသည်။ အသည်းနှလုံမှာ ရှိခဲ့ဖူးသည့် ပုံရိပ်ဦးကို နှစ်များစွာ ကြာပေမဲ့ နှလုံးသားက မမေ့သေးပါလား။
            'မွန် ငယ်ငယ်တုန်းက ခြင်္သေ့ပေါက်စလေး တစ်ကောင်းလိုပဲ၊ အရာရာကို စိုးရွံ့နေတဲ့ မျက်လုံးလေးတွေနဲ့၊ အခုတော့လည်း တောဘုရင်ဆိုတာ ကိုယ့်ကိုယ်ကို သိသွားပြီပေါ့လေ'
            မွန် အသာပြုံးရင်း ကိုကို့ကို ငေးကြည့်နေမိသည်။ ကိုကို့ ဆံပင်တွေ ဖြူစပြုနေပြီ။ မျက်ဝန်းများက ဟိုးကလျင်ကလို တောက်ပဆဲ။ ပါးလျား စေ့စပ်သည့် နှုတ်ခမ်းက ပြုံးလိုက်သောအခါ လျှို့ဝှက်နက်ရှိုင်းဆဲ။
            စောစောတုန်းကလို ရင်ခုန်တာတွေ မရှိတော့ဘဲ ကိုကို့ကို တည်တည်ငြိမ်ငြိမ် ဆက်ဆံနိုင်လာသည်ကို မွန် အံ့သြနေမိသည်။ မွန့်ကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသော သူငယ်ချင်းများကြောင့် မွန်တို့ စကားဝိုင်းက နွေးထွေးလာပါသည်။
            'အိမ်ထောင်ပြုတော့လေ မွန်'
            ကိုကို့စကားကြောင့် ထားက မခံမရပ်နိုင်သလို ၀င်ပြောသည်။
            'ကိုကို ရန်မစနဲ့နော်၊ ထားက မွန့်ဘက်ကပဲ'
            'မဟုတ်ဘူး၊ ကိုကို တကယ် ပြောတာ။ မွန့်ကို တကယ် ပျော်ရွှင်စေချင်တဲ့ စေတနာပါ'
            'တော်ပါတော့ ကိုကို၊ မွန်က ကိုယ်လျှောက်ရမယ့် လမ်းမှာ ကိုယ့်အား ကိုယ့်ကိုးပြီး ကြိုးစား ရပ်တည်ခဲ့တာ ကြာပါပြီ'
            'ကိုကို့ အသိုင်းအ၀ိုင်း ကြားထဲမှာ မွန်ကလေး စိတ်နှလုံး ညှိုးချုံးနေရမှာ စိုးလို့ တဖြည်းဖြည်း အနေဝေးပြီး သွေးအေးသွားမယ့် လမ်းကို ကိုကို ရွေးချယ်ခဲ့တာပါ'
            သူ ဘာတွေပဲ ပြောနေသည်ဖြစ်စေ အရေးမကြိးတော့ပါ။ မွန်ဟာ အချိန်နှင့်အမျှ ရင့်ကျက်ပြောင်းလဲလာမှ မဟုတ်ဘူးဟု တစ်ဖက်သတ် တွေးထင်ယူဆခဲ့သည့် သူ့အမြင်ကိုလည်း စောဒက မတက်လိုတော့ပါ။
            ကိုကိုနှင့်တွေ့မှ မွန်သည် ကိုယ့် ချို့ယွင်းချက်ကို ပြန်မြင်လာသည်။ တစ်ယောက်ယောက်နှင့် လက်တွဲဖို့ စဉ်းစားတိုင်း ဘာကြောင့် တွေဝေနေခဲ့ရသည့် အဖြေကို ယခုမှပင် မွန် သိသည်။ မွန့်နှလုံးသား၏ အသံကို ပြန်လည် နားထောင်ရာတွင် ပထမဆုံး အတွေ့အကြုံနှင့် အမြဲယှဉ်ကြည့်ပြီး လွဲမှားစွာ ကောက်ချက်ချမိသည်ကိုး။ ပထမဆုံး ပြောင်းလဲမှု ဆိုသည်မှာ ဘယ်တော့မှ နှစ်ခါ မရှိနိုင်သည်ပဲလေ။ ယခုအချိန်မှာတော့ မွန့်နှလုံးသား၏ အသံကို မှန်မှန်ကန်ကန် နားထောင်နိုင်လိမ့်မည်ဟု ယုံကြည်နေပါပြီ။
            မွန့်အဖို့တော့ အချစ်ဦးဆိုတာ နှလုံးသားထဲမှာ နာကျင်စွာ စူးခဲ့ဖူးသေး ဆူးတစ်ချောင်းသာ ဖြစ်လေသည်။ 
               
Image and video hosting by TinyPic

No comments:

Post a Comment