Wednesday, December 14, 2011

ညီမလေးဖတ်ဖို့ (၅)


ညီမလေးရေ…

            ဒီတပတ် မမကြီး အိမ်ပြန်လာတော့ ညီမလေးစာအုပ်တွေ အခန်းထဲမှာ ရှုပ်ပွနေလို့ ရှင်းပေးခဲ့တယ်နော်။ ရေးပြီးသား ဗလာစာအုပ်တွေ၊ ပုံနှိပ်စာအုပ်တွေ၊ အကြမ်းရေးဖို့ချုပ်ထားတဲ့ စာအုပ်တွေနဲ့ အခန်းထဲမှာ ရှုပ်ပွနေတာပဲလေ။ အဲဒီစာအုပ်တွေ ပြန်စီပေးရင်း အနက်ရောင် သာမန်ဗလာစာအုပ်တွေထက်ကြီးတဲ့ စာအုပ်တအုပ်ကို တွေ့တော့ ဘာရယ်မဟုတ် အဲဒီစာအုပ်လေးကို လှန်ကြည့်မိတယ်။
            အဲဒီစာအုပ်လေးက ကျောင်းစာတွေရေးတဲ့ စာအုပ်လည်း မဟုတ်ဘူးလေ။ မမကြီး လှန်လိုက်မိတဲ့ စာရွက်မှာ ပါတဲ့ စာကြောင်းတွေက ဘာတဲ့…
            "ချစ်သူမှ မရှိတာ။ ရှိရင်လည်း ဘာမှ မလုပ်ဘူး" တဲ့။
            ‘ဗုဒ္ဓေါ’ လို့ မမကြီး စိတ်ထဲကနေ ရေရွတ်လိုက်မိတယ် ညီမလေး။
            ဘာရယ် သေချာမသိသေးခင် မမကြီး ဒီစာကြောင်းလေးကိုမြင်ပြီး စိတ်ပူသွားမိတာတော့ အမှန်ပဲ ညီမလေးရေ။ အဲဒီစာကြောင်းလေးကိုတွေ့တော့ တခြားစာကြောင်းတွေ၊ စာမျက်နှာတွေကို မဖတ်ဘဲ မနေနိုင်တော့ဘူးလေ။ ဒီလိုနဲ့ ရှေ့ဆုံးစာမျက်နှာကို သွားကြည့်မိတယ်။ ပုံမှန် ရှေ့ဆုံးတစ်မျက်ကို အလွတ်ထားပြီး ဒုတိယစာမျက်နှာကနေ စပြီးရေးထားတယ်။ Question တဲ့။ ဘာမေးခွန်းတွေများပါလိမ့်ဆိုပြီး အောက်ကိုဆက်ဖတ်ကြည့်မိတယ်။ ပထမ မေးခွန်းက အမည်တဲ့။ ပြီးတော့ မှတ်ပုံတင်ကတ်လိုပဲ အဖအမည်၊ နေရပ်လိပ်စာ စတာတွေနဲ့ အစပြုထားတဲ့ မေးခွန်းပေါင်း ၆၃ ခုကို မမကြီးတွေ့ခဲ့တယ်လေ။
            ညီမလေးရဲ့ ကိုယ်ပိုင်စာအုပ်ဆိုတော့ ဒီစာအုပ်ကို ခွင့်မတောင်းဘဲ ဆက်ဖတ်လို့ သင့်တော်ပါ့မလားတွေးရင်း… တကယ်လို့ ခွင့်တောင်းလိုက်ပါပြီတဲ့… ညီမလေးက ဖတ်ခွင့်မပြုနိုင်ပါဘူးဆိုပြီး စာအုပ်ကို သိမ်းသွားရင်ကော ဘာတတ်နိုင်မှာတုန်းလို့ စာအုပ်ကိုင်ရင်း တွေးနေမိတယ်။ ဒီအတိုင်း မပြောဘဲ ဖတ်ရင်ကော ညီမလေး သိမှာမှ မဟုတ်တာ။ ခွင့်မတောင်းဘဲ ဒီစာအုပ်လေးကို ဖတ်လိုက်ရမလား၊ ဒါမှမဟုတ် ခွင့်တောင်းပြီးပဲ ဖတ်ရမလား ဝေခွဲမရဖြစ်နေ တာ အချိန်နည်းနည်းတောင် ကြာသွားပေါ့ ညီမလေးရယ်။
            နောက်ဆုံးတော့ အခန်းအပြင်မှာ ရှိနေတဲ့ ညီမလေးအနီးကို စာအုပ်ကိုင်ပြီး ဒီစာအုပ်ခဏလောက် ဖတ်ချင်လို့ပါလို့ပြောတော့ ခွင့်မပြုချင် ပြုချင်နဲ့ မမကြီးကို ပေးဖတ်ခဲ့တယ်နော်။ အဲဒီမှာ မမကြီး စိတ်အ၀င်စားဆုံး မေးခွန်းက မိမိဘ၀မှာ လေးစားရဆုံး ပုဂ္ဂိုလ်ဆိုတဲ့ မေးခွန်းရယ် အဲဒီမေးခွန်းကို ဖြေထားတဲ့ အဖြေရယ်ကိုပါ။ အဲဒီစာအုပ်ရဲ့ မေးခွန်း ၆၃ခုထဲမှာ တစ်ယောက်ချင်းစီရဲ့ အကြိုက်ဆုံးအရာတွေ၊ အဖြစ်ချင်ဆုံးဆန္ဒတွေရယ်နဲ့ ပြီးတော့ အလေးစားဆုံး ပုဂ္ဂိုလ် စတာတွေကို မေးထားတဲ့ လူတယောက်ချင်းစီရဲ့ အလေ့စရိုက်ကို အနည်းငယ်ထင်ဟပ်စေတဲ့ အဲဒီမေးခွန်းနဲ့ အဖြေတွေကို မမကြီး စိတ်ဝင်တစားနဲ့ ဖတ်ဖြစ်ခဲ့တယ်လေ။
ညီမလေးရဲ့  အခင်ဆုံး သူငယ်ချင်း ငါးဦးလောက်က မေးခွန်းတွေကို ဖြေပေးထားပုံပါပဲ။ အဲဒီငါးဦးမှာ သုံးဦးလောက်က သူတို့အလေးစားဆုံးပုဂ္ဂိုလ်က ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အဖြေကို မြင်တော့လေ မမကြီး အရမ်းကို ၀မ်းသာကြည်နူးဖြစ်မိတယ်။ အခုခေတ်လူငယ်တွေ၊ တနည်းအားဖြင့် ညီမလေးတို့လို တိုင်းပြည်ရဲ့ မျိုးဆက်သစ်လူငယ်လူရွယ်လေးတွေရဲ့ အသိထဲမှာ လေးစားတန်ဖိုးထားတဲ့ ပုဂ္ဂိုလ်က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတော့ အတိုင်းအသိ ၀မ်းသာမိပါတယ်။
ပြီးတော့ ရည်မှန်းချက် ကိုယ်စီနဲ့။ ၀ါသနာဆိုတဲ့ မေးခွန်းမှာ ပြည်သူတွေအတွက်တန်ဖိုးရှိတဲ့ ဆရာဝန်ဖြစ်ချင်တဲ့ သူနဲ့၊ ကမ္ဘာကြီးအတွက် အထောက်အပံ့ဖြစ်တဲ့ လူသားဖြစ်ချင်တဲ့ သူနဲ့၊ စာရေးဆရာမ ဖြစ်ချင်တဲ့သူနဲ့။ အနာဂတ်အတွက် မျှော်လင့်ချက်ကိုယ်စီနဲ့ သိပ်ကောင်းတဲ့ စိတ်စေတနာ ရည်ရွယ်ချက်တွေနဲ့ ရှင်သန် ဖူးပွင့်လာကြတာပဲနော်။
နောက်မေးခွန်းတစ်ခုက 'မင်း အသွားချင်ဆုံး နိုင်ငံခြားတိုင်းပြည်' တဲ့။ ကိုရီးယား၊ စင်င်္ကာပူလို့ အများဆုံး ဖြေထားကြတာ တွေ့ရတယ်။ ကိုရီးယားသွားချင်တယ် ဆိုတာကတော့ ရုပ်သံအစီအစဉ်တွေမှာ ဘယ်လိုင်းကိုကြည့်ကြည့် မလွတ်တမ်း တွေ့ရတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကြောင့်လို့ပဲ မမကြီး ယူဆပါတယ်။ နောက်တစ်ခုက 'ပျော်ရင် ဘာလုပ်လဲ' တဲ့။ ပျော်ရင် ရယ်တယ် လို့ ရိုးရိုးစင်းစင်းဖြေထားတဲ့ ညီမလေး သူငယ်ချင်းတွေကို မမကြီး ချစ်လိုက်တာ။ ဘယ်လောက် အပြစ်ကင်းသလဲနော်။ အဲဒါခံစားချက်မျိုးက ကလေးဘ၀မှာပဲ ရလိမ့်မယ် ထင်တယ် ညီမလေးရယ်။
နောက်ဆုံး အမှတ်ရမိတဲ့ မေးခွန်းကတော့ 'သင့်မှာ ချစ်သူရှိလားတဲ့၊ ချစ်သူရှိရင် ချစ်သူများနေ့ဖြစ်တဲ့ ဖော်ဖေ၀ါရီ ၁၄ ရက်မှာ ဘာလုပ်လဲ' ဆိုတဲ့ မေးခွန်းပါ။ ညီမလေး သူငယ်ချင်း အားလုံးက ချစ်သူ မရှိပါဘူး ဆိုတဲ့ အဖြေတွေကို အားလုံးလိုလို ဖြေထားကြတာ တွေ့ရတယ်။ မမကြီး စာအုပ်ကို စစဖတ်ချင်း တွေ့လိုက်ရတဲ့ 'ချစ်သူမှ မရှိတာ၊ ရှိရင်လည်း ဘာမှ မလုပ်ဘူး' ဆိုတာ ဒီမေးခွန်းကို ဖြေထားတာပါလားဆိုတာ သိလိုက်ရတယ်။
ချစ်သူဆိုတာကို ဖတ်မိလိုက်တော့ ငယ်ရွယ်သေးတဲ့ မမကြီးရဲ့ ညီမလေးမှာများ…. ဆိုတဲ့ စိုးရိမ်ပူပန်မိတွေ အစတော့ ဖြစ်သွားမိသေးတယ် ညီမလေးရေ။ အချစ်ဆိုတဲ့ ခံစားချက်တွေကို ပုထုဇဉ်လူသားပီပီ တစ်နေ့နေ့တော့ ကျိန်းသေပေါက် ညီမလေးတွေ့ရလာမှာ ဖြစ်ပေမဲ့ အခုချိန်မှာတော့ အရမ်းငယ်ရွယ်သေးတဲ့ ညီမလေးကို အဲဒီခံစားချက်တွေ အ၀င်မခံစေချင်သေးဘူး ညီမလေးရယ်။ အခုချိန်မှာ မမကြီးရဲ့ ညီမလေး စာကိုသာ ကြိုးစားပါကွယ်။
                                                                                                       ချစ်တဲ့
                                                                                                       မမကြီး
Image and video hosting by TinyPic

No comments:

Post a Comment