Tuesday, December 14, 2010

ကျနော့်ရဲ့ အပျော်ဆုံးနေ့တနေ့



ကျနော် ဒီနေ့အရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင်နေခဲ့မိတယ်။ ဟုတ်တယ်။ ကျနော် ဒီရက်မတိုင်မီ လွန်ခဲ့တဲ့ရက်တွေကတည်းက စိတ်လှုပ်ရှားပြီးနေမိတာလေ။ ဒါပေမယ့် ဒီနေ့ကတော့ ကျနော့်ရဲ့ အပျော်ဆုံးနေ့တနေ့လို့ ပြောလို့ရတဲ့ နေ့ပါပဲ။ ဒီနေ့က ၁၃.၁၁.၂၀၁၀ ဖြစ်တယ်။ ဒီနေ့ ကျနော်တို့ရဲ့ အမေစု နေအိမ်အကျယ်ချုပ်ကနေ ညနေ ၅း၁၅မှာ လွတ်မြောက်ခဲ့တယ်လို့ သတင်းကြားတော့ ကျနော်ဘ၀ရဲ့ အပျော်ဆုံးသတင်းတခုဖြစ်ခဲ့ပါတယ်။
ကျနော် သိတတ်စအရွယ်ကတည်းက ကျနော့်ရဲ့စိတ်ကို လွှမ်းမိုးထားတဲ့သူတယောက်၊ နောက်ပိုင်းမှာ သူ့ရဲ့ပေးဆပ်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကျနော့်ဘ၀ရဲ့ ယုံကြည်လေးစားရတဲ့ လူတယောက်ဖြစ်ခဲ့ပါတယ်။ ကျနော်ငယ်ငယ်က အမေစုကိုမြင်ခွင့်ရချင်လို့ သတင်းမကြည့်တဲ့ကျနော်က အာဇာနည်နေ့တွေဆို ည ၈နာရီမှာလာတဲ့ ပြည်တွင်းသတင်းကို စောင့်ကြည့်ခဲ့တယ်။ အမေစု သူမရဲ့ အဖေ ကျနော်တို့ ဗိုလ်ချုပ်နဲ့ အာဇာနည်အပေါင်းကို လာရောက်ဂါရ၀ပြုတာကို မြင်ချင်တာပါ။ မှတ်မှတ်ရရ တခါသာ ဖျတ်ခနဲ့ဆို အမေစုရဲ့ရုပ်ပုံကို တွေ့ဖူးလိုက်တယ်။ တခါတလေမှာ ကျနော် တီဗွီနဲ့အဝေးရောက်နေချိန်မှာ မေမေတို့က လာပြီ…လာပြီ ဒေါ်စုလာနေပြီ။ မြန်မြန်လာကြည့်လို့ အော်ခေါ်ချိန်မှာ မြင်ချင်ဇောနဲ့ အပြေးအလွှားလာခဲ့ပေမယ့် ကျနော်ရောက်တော့ တခြားသတင်းပြောင်းသွားပြီ။ အော်…ဒီနှစ်တော့ မမြင်လိုက်ရတော့ဘူးပေါ့ဆိုတဲ့ အတွေးနဲ့ပဲ…။ စက္ကန့်အနည်းငယ်လေးသာ ဖော်ပြတဲ့သတင်းကြောင့် ကျနော် ငယ်ငယ်ကနေ အသက် ၁၉နှစ်လောက်ထိ အမေစုကို ခန္ဒာကိုယ်ပါးပါးလျားလျားနဲ့ လမ်းလျှောက်ရင် ယုံကြည်မှုနဲ့ အားမာန်တွေပြည့်နေတဲ့ ပုံသဏ္ဌာန်လေးသာ စိတ်ထဲမှာ စွဲနေမိသည်။ မျက်နှာကိုကား သေသေချာချာမမြင်ဖူးခဲ့ပါ။
နောက်ပိုင်း ကျနော် အင်တာနက်နည်းပညာကို အနည်းငယ်သုံးတတ်ချိန်မှာတော့ ကျနော်ကြည့်ချင်တဲ့ အမေစုရဲ့ ရုပ်ပုံတွေကို ရှာဖွေကြည်ရှုခဲ့တယ်။ ဒီတော့မှ အမေစုရဲ့ ပုံသဏ္ဌာန်ကို အသေအချာမြင်ခွင့်ရခဲ့တယ်။ အခုတော့ ဒီနေ့ နိုဝင်ဘာ ၁၃ရက်နေ့မှာ အမေစုလွတ်လာပြီဆိုတဲ့ သတင်းနဲ့ မနက်ဖြန် နိုဝင်ဘာ ၁၄ရက်၊ နေ့လည် ၁၂နာရီမှာ ကျနော်တို့ ပြည်သူတွေကို အဖွဲ့ချုပ်ရုံးမှာ မိန့်ခွန်းပြောမယ်ဆိုတဲ့ သတင်းက ကျနော့်အတွက်တော့ အလွန်တန်ဖိုးရှိတဲ့ သတင်းကောင်းတခုပါပဲ။ မနက်ဖြန်မှာ ကျနော် အမေစုကို မြင်ဖူးခွင့်ရတော့မယ်။ ဒါက ပုံရိပ်မဟုတ်သလို အိပ်မက်လည်း မဟုတ်ဘူးဆိုတာ သေချာပါတယ်။
နောက်တနေ့ နိုဝင်ဘာ ၁၄ရက်နေ့မှာတော့ ကျနော်တို့ အမေစုကိုမြင်ရဖို့နဲ့ အမေစုရဲ့ စကားသံတွေကိုကြားချင်လို့ နေ့လည် ၁၁နာရီလောက်ကတည်းက အဖွဲ့ချုပ်ရုံးကို ကျနော်တို့ရောက်နှင့်နေကြပါတယ်။ လူတွေ…လူတွေ…များလိုက်တဲ့ လူတွေ။ ကျနော့်တသက် အခုလောက်များတဲ့လူတွေကို ဘယ်မှာမှမမြင်ဖူးပါဘူး။ ဒီလူတွေအားလုံးထဲမှာ အမိန့်ပေးပြီးလာခိုင်းလို့ လာရတဲ့သူ တဦးတယောက်မှမပါပါ ဘူး(အမိန့်ပေးလို့ လာစောင့်ကြည့်နေရသူ လက်တဆုပ်စာ လူနည်းစုမပါ)။ ကျနော်လည်း လူအုပ်ထဲမှ အတင်းတိုးပြီး ရှေ့ကိုရောက်နိုင်သမျှရောက်အောင် တိုးတာပေါ့။ ကျနော်နဲ့အတူလာတဲ့ အမလည်း စရောက်ကတည်းက လူချင်းကွဲသွားပါတယ်။ ကျနော်လည်း ပါလာတဲ့ ကင်မရာကိုထုတ်ပြီး တသက်မမြင်ဖူးတဲ့ လူအုပ်ကြီးကို မှတ်တမ်းတင်နေပါတော့တယ်။
အမေစုလည်း အဖွဲ့ချုပ်ကိုရောက်လာရော လူတွေလှုပ်လှုပ်ရှားရှားနဲ့ ထိုင်နေတဲ့သူတွေလည်း အားလုံး မတ်တပ်ရပ်ပြီး အမေစုကို လက်ပြနှုတ်ဆက်ကြပါတယ်။ ပြီးတော့ ‘အမေစု…အမေစု…’  လို့ အော်ကြပါတယ်။ အဲဒီအသံတွေက ၀မ်းသာပီတိလွှမ်းနေတဲ့ အသံတွေပဲဖြစ်ပါတယ်။ ကြားရတဲ့သူအပေါင်း ကြက်သီးမွှေးညှင်းများထစေတဲ့ စိတ်လှုပ်ရှားမှုမျိုးကို ဖြစ်ပေါ်စေပါတယ်။ ကျနော်လည်း ကျနော့်ရှေ့မှ လူအုပ်ကြီးကိုကျော်ပြီး အမေစုရှိနိုင်မယ့် ကားလမ်းမဘက်ကို ခြေဖျားထောက်ကြည့်ပေမယ့် မမြင်ရပါ။ နောက်တော့ အမေစု အဖွဲ့ချုပ်ထဲကို ၀င်ရောက်သွားပြီဆိုတာ သိလိုက်ရတယ်။
ကျနော်လည်း အခုမမြင်ရပေမယ့် ခဏနေ မိန့်ခွန်းပြောရင်တော့ အမေစုကိုကျိန်းသေတွေ့ရတော့မှာပါဆိုပြီး ကိုယ့်ကိုယ်ကို အားပေးပြီး ပြည်သူတွေပျော်ရွှင်ပြီး မျှော်လင့်ချက်အပြည့်ဖြစ်နေပုံကို ဓာတ်ပုံရိုက်နေမိသည်။ ကျနော်က အဖွဲ့ချုပ်ရဲ့ ဘေးညာဘက်အခြမ်းမှာ ရှိနေတော့ ကျနော်တို့အနားကလူတွေက အားလုံးထိုင်ဖို့ပြောတော့ ကျနော်လည်းထိုင်ရတာပေါ့။ ထိုင်လိုက်တော့မှ ကျနော်တို့နောက်ခပ်ဝေးဝေးအထိ လူတန်းကြီးရှိသေးတာကို မြင်လိုက်ရသည်။ အားလုံးထိုင်တော့မှ ကျနော်နဲ့ အတူလာပြီး လူချင်းကွဲသွားတဲ့ အမကို ခပ်ဝေးဝေးမှာထိုင်နေတာကို လှမ်းမြင်လိုက်ရသည်။
ကျနော်လည်း ထိုင်လျက် ဓာတ်ပုံရိုက်ရင်းနဲ့ တခါတခါအားမရလို့ အနည်းငယ်ကုန်းကုန်ကွကွဖြစ်လျှက် ဓာတ်ပုံမှတ်တမ်းတင်နေစဉ် ကျနော့်အနောက်က မိန်းကလေးတဦးက ‘သူ့အရပ်အရှည်ကြီးနဲ့ ရှေ့ကနေ ကုန်းကုန်းကွကွလာလုပ်နေတယ်။ ဒီမှာ ဘာမှမမြင်ရတော့ဘူး’ လို့ ပြောသံကြားတော့ ကျနော်လည်း သတိဝင်လာပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်တဲ့အကြည့်နဲ့ (ဖြစ်နိုင်ရင်တော့ ကျနော့်အရပ်ရှည်တာကို ပြန်ပုလို့ရရင် ပုပေးပါတဲ့ ဆိုတဲ့ မျက်နှာမျိုးနဲ့) တချက်လှည့်ကြည့်လိုက်တယ်။
ကျနော် ဓာတ်ပုံရိုက်နေတုန်း ကျနော့်အနားမှာရှိနေတဲ့ လူတယောက်ရဲ့ စကားသံကတော့ ဒီလိုပါ…
‘လူတွေများကွာ…များလိုက်တာ…ရွေးကောက်ပွဲနဲ့များ တခြားစီ’ တဲ့။
အားလုံးက အမေစုကို တွေ့ရဖို့ ချွေးတလုံးလုံးနဲ့ နေပူလို့ ပူမှန်းမသိဘဲ အားလုံးမျှော်လင့်တက်ကြွစွာနဲ့ အမေစု မိန့်ခွန်းပြောမယ့်အချိန်ကို စောင့်နေကြပါတယ်။ ခဏနေတော့ အဖွဲ့ချုပ်က လူငယ်တွေက သံတမန်တွေတဦးလာဖို့ကျန်နေသေးလို့ လမ်းနည်းနည်းဖယ်ပေးကြဖို့ တောင်းဆိုနေတာ တွေ့ရပါတယ်။ ဒီတော့ ပြည်သူတဦးထံမှ စကားသံတသံထွက်လာပါတယ်။
‘စောစောစီးစီးလာတာ မဟုတ်ဘူး…အမေစုက အဲဒါနဲ့ မိန့်ခွန်းပြောတာ နောက်ကျဦးမယ်…’ လို့ပြောပါတယ်။ အမေစုက သံတမန်တွေနဲ့ တွေ့ပြီးမှ ပြည်သူတွေကို မိန့်ခွန်းပြောဖို့ အစီအစဉ်ကိုး။ ဒါကြောင့် သူက နောက်ကျနေတဲ့ သံတမန်ကို မကျေမနပ်နဲ့ ပြောနေတာပဲဖြစ်တယ်။
ဆယ့်ငါးမိနစ်လောက် အကြာမှာတော့ သံတမန်အားလုံး ထွက်လာပါတော့တယ်။ ဒီတော့ အားလုံးပျော်ရွှင်သွားကြတာပေါ့။ အမေစုကို တွေ့ရတော့မှာကိုး။ ခဏနေတော့ ဟေးခနဲ အော်သံနဲ့အတူ အမေစုကို တွေ့လိုက်ရပါသည်။ ‘အမေစု ကျန်းမာပါစေ… အမေစု ကျန်းမာပါစေ…’ လို့အော်သံတွေဖုံးလွှမ်းသွားပါတယ်။ အမေစုက နှုတ်ဆက်စကားဆိုပြီး စတင်စကားပြောနေချိန်မှာတော့ အမေစုရဲ့ မိန့်ခွန်းပြောနေတဲ့ပုံကို ဓာတ်ပုံရိုက်လိုက်တယ်။ ဒါပေမယ့် ကျနော် စိတ်တိုင်းမကျဘူး။ ကျနော်က တစောင်းကျနေတာကိုး။ မတ်တပ်လည်း မရပ်ရဲဘူးလေ။ နောက်မှာလည်း အမေစုကို မြင်ချင်လို့ လည်ပင်းတွေမော့ပြီးကြည့်နေတဲ့သူတွေ ရှိသေး မဟုတ်လား။ ကျနော်လည်း အမေစုရဲ့ပုံတွေကို ရသလောက်ရိုက်နေမိတယ်။ ကျနော် အိပ်မက်မက်နေသလိုပါပဲ။ အမေစုကို ကိုယ်တိုင်တွေ့ပြီး ဓာတ်ပုံရိုက်ယူနေရတယ်ဆိုတာ ကျနော့်အတွက်တော့ အိပ်မက်လိုပါပဲ။
မိန့်ခွန်းပြောနေသော အမေစုက နာရီဝက်ကျော်ကျော်ခန့်အကြာမှာတော့ …
 ‘ကျွန်မတို့ ပြည်သူတွေကိုလေ ကိုယ်ချင်းစာတဲ့စိတ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့စိတ်၊ တစ်ယောက်ကို တစ်ယောက်သည်းခံတဲ့စိတ်ကလေး၊ အခုနည်းနည်း စမ်းကြည့်ရအောင်၊ နည်းနည်းစမ်းကြည့်မယ်နော်။ နည်းနည်းစမ်းကြည့်မယ်။ ဟိုဘက်ကလူတွေက မကြားရလို့ဆိုပြီးတော့ အော်နေကြတယ်။ အဲဒီတော့ ကျွန်မလည်း ပြောတာပြီးတော့မယ်။ အဲဒီတော့ ဒီရှေ့က လူတွေက ဟိုဘက်ကို နည်းနည်း ထွက်သွားပြီတော့ ဟိုဘက်ကလူတွေကို နေရာပေးပါလား…’

အဲဒီလိုလည်း အမေစုပြောလိုက်ရော သိန်းချီနေတဲ့ လူအပ်ကြီးက တရွေ့ရွေ့နဲ့ လှုပ်ရှားပါတော့တယ်။
အဲဒါပေါ့။ အာဏာနဲ့ ချစ်ခင်ကြည်ညိုတာ ကွာခြားချက်တွေ။ အာဏာနဲ့ စေခိုင်းမှုဆိုတာ ကြောက်လို့သာ လုပ်ချင်လုပ်လိုက်မယ်။ စိတ်ထဲကတော့ နည်းနည်းလေးမှ ပါမှာမဟုတ်ပါဘူး။ ကိုယ်လေးစားကြည်ညိုတဲ့သူပြောတဲ့ စကားကျတော့ စိတ်ပါလက်ပါ နားထောင်တတ်ကြတယ်။ လိုက်လုပ်ဖို့လည်း ၀န်မလေးတတ်ကြဘူး။ ယုံကြည်တာကိုး။ ဒီနေရာမှာ ကြောက်လို့လုပ်ရတာနဲ့ ယုံကြည်လို့လုပ်ရတာ သိသာသွားတယ်။
အမေစုက နေရာလဲပေးဖို့ ပြောအပြီးမှာ ကျနော်လည်း ရလာတဲ့ အခွင့်အရေးကို အသုံးချလိုက်ပါတယ်။ ဘေးဘက်ကနေ အမေစုရဲ့ ရှေ့တည့်တည့်ကိုရောက်ဖို့ ကျနော်သွားနေမိတယ်။ အဲဒီအချိန်မှာ ကျနော်နဲ့ အတူလာတဲ့ အမကို ပြန်တွေ့လိုက်တယ်။ သူမရဲ့ ခြေထောက်မှာ ဖိနပ်မရှိတော့။ လူတွေ တိုးနေတဲ့အချိန်မှာ ကျွတ်သွားတာတဲ့။ ပြီးတော့ သူမက ကျနော့်အား ‘တို့တွေ ပြန်ထွက်ကြရအောင်… အသက်ရှုတွေကျပ်လာပြီ…မရတော့ဘူး’လို့ ပြောလာတော့ ကျနော်လည်း..
‘အာ..အမကလည်း လူတွေကိုကြည့်ဦးလေ…ဘယ်ကနေထွက်မလဲ…လာလာ..အမေစုရှေ့ တည့်တည့်ကို ရောက်အောင်သွားမယ်…’ ပြောလည်းပြော သူ့လက်ကိုလည်း အတင်းဆွဲပြီးခေါ်လာခဲ့တယ်။ လူတွေအပြောင်းအရွေ့မှာ ကျနော်တို့လည်း အမေစုရှေ့တည့်တည့်ကိုရောက်သွားပါတော့တယ်။ ကျနော်လည်း ၀မ်းသာအားရနဲ့ အမေစုရဲ့ ရှေ့တည့်တည့်ပုံတွေကို ရိုက်ပါတယ်။ လေးငါးပုံရိုက်အပြီးမှာတော့ ကျနော့်ကင်မရာက ဓာတ်ခဲကုန်သွားပါတော့တယ်။ ကျနော်လည်း ကင်မရာဓာတ်ခဲကုန်မှ ဓာတ်ခဲဝယ်ဖို့ မေ့လာခဲ့တာ သတိရသွားတော့တယ်။ ဘာမှမတတ်နိုင်တော့ပါ။ ကျနော်လည်း ကင်မရာကို အိတ်ထဲပြန်ထည့်လိုက်ရင်း အမေစုရဲ့ စကားသံတွေကို နားထောင်ရင်း အမေစုကို ငေးကြည့်နေမိတယ်။
အမေစု မိန့်ခွန်းပြောအပြီးမှာတော့ ကျနော်တို့ လူအုပ်ကြားထဲမှာ ဖြည်းဖြည်းချင်းလျှောက်လာခဲ့တယ်။ နေ့လည် နေဆိုတော့ ပူပြင်းလာတယ်။ ကျနော်နဲ့အတူလာတဲ့ အမက ခြေထောက်ပူနေတယ်ထင်ရဲ့။ ဒီတော့ ကျနော့်ဖိနပ်ကို စီးထားဖို့ ချွတ်ပေးလိုက်တော့ သူက ငြင်းပါတယ်။ ကျနော့်ကိုသာ စီးထားပါတဲ့။ ကတ္တရာလမ်းက နေအပူရှိန်ကြောင့် ချစ်ချစ်တောက်ပူနေတာ သူလည်း ဖိနပ်မစီးပဲနေတာ ကြာနေတော့ သူ့ကိုသာ အတင်းစီးစေလိုက်တယ်။
အခုမှ ကျနော့်ကိုယ် ကျနော်သေသေချာချာကြည့်မိတော့ တကိုယ်လုံး သဲတွေဖုန်တွေနဲ့ ချွေးတွေရောနေတယ်။ အခုမှ လူနည်းနည်းကျဲသွားတော့မှ ၀င်လာတဲ့ လေကို ကျနော် အားပါးတရရှူရှိုက်လိုက်တယ်။ အဲဒီချိန်မှာပဲ ကျနော့် ရှေ့မှာသွားနေတဲ့ ဦးလေးကြီးတယောက်ရဲ့ ဖိနပ်ကို ကျနော်နင်းလိုက်မိတော့ ကျနော် အားနာနာနဲ့ အဲဒီဦးလေးကြီးကိုတောင်းပန်တော့ သူက ….
‘နေ..နေ..ရတယ်…ဘ၀တူတွေပဲ’ တဲ့။
ကျနော်လည်း အားနာနာနဲ့ ပြုံးပြမိတယ်။
တကယ်တော့ ကျနော်တို့တွေအားလုံး အမေစုကိုမြင်ချင်လို့ အမေစုပြောတဲ့စကားတွေကို နားထောင်ချင်လို့သာ ဒီလောက်များတဲ့ လူအုပ်ကြီးနဲ့ ပူပြင်းလှတဲ့နေအပူဒဏ်ကို ဒုက္ခခံပြီး မငြီးမငြူနေနိုင်ကြတာပါ။ ကျနော်တို့ အပြန်လမ်းတလျှောက်မှာတော့ လူပင်လယ်ကြီး တရွေ့ရွေ့စီးဆင်းနေတယ်။ သူတို့ပြောနေတဲ့ အကြောင်းအရာကတော့ တခုတည်း။ အဲဒါကတော့ လူထုခေါင်းဆောင်အမေကို့ လေးစားချစ်ကြည်ညိုတဲ့ အကြောင်းတွေပဲပေါ့။
ကျနော့်လည်း ပင်ပန်းပေမယ့် လာရကျိုးနပ်တယ်ဆိုပြီး စိတ်ထဲမှာ ကျေနပ်မိပါတယ်။ ကျနော် အမေစုကို မြင်ဖူးသွားပြီ။ နောက်ပြီး အမေစုပြောတဲ့ မိန့်ခွန်းကိုလည်း ကြားခွင့်ရခဲ့ပြီ။ အမေစုရဲ့ ပုံရိပ်တွေကိုလည်း ကျနော့် နှလုံးသားနဲ့ ကျနော့်ရဲ့ ကင်မရာက မှတ်တမ်းတင်ထားလိုက်ပြီလေ။ အဲဒီနေ့က ကျနော့်ရဲ့အပျော်ဆုံးနေ့တနေ့ပေါ့။

No comments:

Post a Comment