Monday, December 6, 2010

ကျနော်နဲ့ ဘောလုံးပြိုင်ပွဲ


အခုတလော မြန်မာဘောလုံးပွဲတွေအကြောင်းကြားရတော့ ကျနော် ၉တန်းနှစ်လောက်က ဘောလုံးပွဲလေးအကြောင်းကို သွားအမှတ်ရမိတယ်။ တောရွာလေးတရွာရဲ့ အထက်တန်းကျောင်း တကျောင်းမှာ တက်နေစဉ်က ကျနော်တို့အတန်းရဲ့ မိန်းကလေးမဆန်သော မိန်းကလေးများ စုပေါင်းပြီး ဘောလုံးစုကစားကြဖို့ တိုင်ပင်တော့ ကျနော်လည်း ဘာမသိညာမသိ ဘောလုံးစည်းမျဉ်း စည်းကမ်းလည်း နားမလည်ဘဲ ပါဝင်ဖို့ စိတ်ဝင်စားနေမိတယ်။ 
ဒီလိုနဲ့ တနေ့တော့ ကျနော်တို့ အသင်းခေါင်းဆောင်က စိတ်ဝင်စား စရာကောင်းတဲ့ စကားတခွန်း ကိုပြောလာပါတော့တယ်။ သူပြောတာက တဖက်ရွာ အထက်တန်းကျောင်းက မိန်းကလေးဘောလုံး အသင်းကို ကျနော်တို့ကျောင်းက မိန်းကလေးဘောလုံးအသင်းက ချဲလင့် လုပ်မယ်တဲ့။ သူပြောတာက ဘယ်လိုလဲပေါ့။ စိတ်ဝင်စားရင် သူတို့ကို ဆက်သွယ် လိုက်မယ်ပေါ့။ ကျနော်တို့လည်း အားလုံးသဘောတူ ကာ အဲဒီအစီအစဉ်ကို ထောက်ခံကြတာပေါ့။ 
ဒါနဲ့ပဲ ကျောင်းပိတ်ရက်မဟုတ်တဲ့ တနေ့ကို စီစဉ်ဖြစ်ကြပါလေရော။ ကျနော်တို့ အစီအစဉ်ကို သိတာဆိုလို့ ကျနော်တို့ကို ရူပဗေဒသင်တဲ့ ဆရာတယောက်ပဲရှိတယ်။ ဆရာကတော့ လုပ်ချင်ရာလုပ်ကြ ဆိုတဲ့သဘောနဲ့ ကျနော်တို့ကို မနိုင်လို့ လက်မြှောက်ထားတဲ့သူ။ ဒီလိုနဲ့ ပြိုင်မယ့်နေ့မှာ စက်ဘီးကိုယ်စီနဲ့ ကျောင်းမတက်ကြဘဲ တဖက်ရွာကို ချီတက်ခဲ့ကြတယ်။ အဲဒီထဲမှာ ကလေးခေါင်းကြီးလို့ပြောရမယ့် ကျနော်တို့ဆရာလည်း ပါတယ်။ ဆရာပါလာတာဆိုတော့ ကျောင်းပျက်တဲ့အတွက် နည်းနည်းလေးမှ စိုးရိမ် ကြောင့်ကြစိတ်မရှိကြပါဘူး။ အားလုံးပျော်ပျော်ပါးပါးနဲ့ပဲ။
ကျနော်ဆို ဘောလုံးနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း နည်းနည်းလေးတောင် နားမလည်ဘဲ ဘောလုံးကစားဖို့ လိုက်လာခဲ့ခြင်း ဖြစ်ပေမယ့် စိတ်ထဲက စိုးရိမ်စိတ်နည်းနည်းလေးတောင် မဖြစ်မိပါ။ ဒီလိုနဲ့ စက်ဘီးကိုယ်စီ စီးလျှက် ခရီးနှင်လာလိုက်ကြတာ တဖက်ရွာရဲ့ အထက်တန်းကျောင်းကို တနာရီလောက်အကြာမှာ ရောက်ပါတော့တယ်။ အဲဒီမှာတင် ကျနော့်ရဲ့ စိုးရိမ်စိတ်တွေက တရိပ်ရိပ်တက်လာပါတော့တယ်။ မစိုးရိမ်ခံနိုင်ရောလား။ တဖက်ရွာရဲ့ ကျောင်းအုပ် ဆရာမကြီးကိုယ်တိုင် ကျနော်တို့ကို ကြိုဆိုနေတယ်လေ။ ကျနော်တို့ကတော့ အပျော်သဘောနဲ့ ခပ်လွယ်လွယ်စိန်ခေါ်ခဲ့တာလေ။ ဒီမှာတော့ ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင်တောင် သိနေပါလားဆိုတဲ့အတွေးနဲ့ပေါ့။ ကျနော်တို့ ကျောင်းကတော့ ဆရာတယောက်သာ သိလေသည်။ ကျနော်တို့ အတန်းပိုင်ဆရာမတောင် ဒီကိစ္စကို မသိ။
ဒီလိုနဲ့ ပြိုင်ပွဲစဖို့ အချိန်ရောက်လာပါရော။ ကျနော်တို့လည်း ဘောလုံးကွင်းလို့ သတ်မှတ်ထားတဲ့ ကွင်းပြင်ကျယ်ကြီးထဲကို တရွေ့ရွေ့လှမ်းလို့ပေါ့။ ကွင်းထဲရောက်လို့ တဖက်အသင်းက မိန်းကလေး တွေကိုကြည့်လိုက်တော့ ကျနော့်စိတ်ထဲမှာ ဘုရား...သာ တနေမိတော့တယ်။ သူတို့ရဲ့ ကိုယ်လုံးတွေက ကျနော်တို့လိုမဟုတ်။ တုတ်တုတ်ခိုင်ခိုင်ရယ်။ ပြီးတော့ ခြေသလုံးကြီးတွေကလည်း နည်းတာမဟုတ်။ လူကောင်တွေကလည်း မျှစ်စို့ပေါက်ကြီး တွေလို သန်သန်မာမာတွေဖြစ်သည်။ ကျနော်တို့နဲ့တော့ တခြားစီ။ ကျနော်ဆို လူက အရပ်သာရှည်တာ။ ခြေသလုံး ပလွေရိုးလို့ပြောရမလောက်ကို ပိန်ပိန်လှီလှီရယ်။ ကျနော်တို့ အသင်းက တခြားသူတွေလည်း ကျနော့်လိုပဲ ထူးမခြားနားပင်။
တကယ်တော့ ပြိုင်ပွဲတွင် ကျနော်က ဒုတိယပိုင်းမှ ကစားရမယ့်သူဖြစ်တယ်။ ဒါပေမယ့် တဖက်အသင်းက လူတွေကို ကြည့်ရုံနဲ့ ကျနော်ကြောက်နေမိတယ်။         
ပြိုင်ပွဲစပါပြီ။ဘောလုံးက တဖက်အသင်းခြေထောက်ထဲမှာချည်းပဲ။ ကျနော်တို့အသင်းက လူတွေက ဘောလုံးမပါဘဲ ဒီအတိုင်းပြေးရတာတောင် ချော်လဲသူကလဲ၊ တဖက်လူနဲ့မတော်တဆ ၀င်တိုက်မိလို့လဲနဲ့ အလဲလဲအပြိုပြို။ အဲဒီအချိန်က ကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲတွေထဲမှာ ကြည့်လို့မကောင်းဆုံးဘောလုံးပွဲပင်ဖြစ်သည်။ ဒါပေမယ့် တခါတခါ ရယ်စရာတော့ ကောင်းသား။  ကိုယ့်လူအချင်းချင်း ဘောလုံးလုနေလို့လေ။ အဲဒီတုန်းက ကျနော်တို့ ဘောလုံးသွားကန်တဲ့ တရွာလုံးက ဘောလုံးပွဲကို လာကြည့်ကြတယ်။ ကျောင်းက ကျောင်းအုပ်ဆရာမကြီးကော ဆရာမဆရာမတွေကို သူတို့ကျောင်းက ဘောလုံးအသင်းကို အားပေးခဲ့ကြတယ်။ ကျနော်တို့ကိုတော့ ဆရာတယောက်သာ အားပေးမဲ့သူရှိတယ်။
နောက်ဆုံးတော့ ကိုယ့်အသင်းကို ဘယ်နှစ်ဂိုးသွင်းသလဲဆိုတာ ကိုတောင် ကျနော်မမှတ်နိုင်တော့ပါ။ ဒုတိယပိုင်းမှာကစားမယ်ဆိုတဲ့ အစီအစဉ်လည်း နောက်ပိုင်း မကစားဖြစ်တော့။ ကျနော်သာ ကစားရင် ပေးဂိုးများတာပဲ အဖတ်တင်မယ်ဆိုတာ အသင်းကလူတွေကော ကိုယ်တိုင်ပါ သိနေလို့လေ။ တကယ်တော့ ကျနော်က ဘောလုံးဆိုတာက ကိုယ့်ဆီရောက်ရင် မျက်စေ့မှိတ်ပြီး တွေ့ကရာကန်ထည့်လိုက်ဖို့ပဲသိသူ။ အပျော်သဘောသက်သက်နဲ့ ဘောလုံးကန်ဖို့ လိုက်လာသူ။ တခြားသူတွေလည်း ကျွမ်းကျင်အဆင့်တွေတော့ မပါပါ။ ကျောင်းကနေ တော်တဲ့သူတွေကိုရွေးပြီး သေသေချာချာလေ့ကျင့်ပြီး ကန်ခိုင်းတာလည်း မဟုတ်။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ဘောလုံးကန်ဖို့ စုစည်းမိကြခြင်းဖြစ်သည်။
ကျနော်တို့ရဲ့ ပြိုင်ဘက် တဖက်အသင်းကတော့ ကျနော်တို့နဲ့ ဆန့်ကျင်ဘက်။ ကျောင်းကနေ သေသေချာချာလေ့ကျင့်ပေးထားတဲ့ အသင်း။ ပြီးတော့ ဒီပြိုင်ပွဲကိုလည်း အထက်တန်းကျောင်းနှစ်ကျောင်း ချစ်ကြည်ရေးသဘောမျိုး သဘောထားကာ ယှဉ်ပြိုင်စေသည့်သဘော။ တကျောင်းလုံး အုတ်အုတ် ကျက်ကျက် အားပေးလိုက်သည့် ဖြစ်ခြင်း။
နောက်ဆုံးတော့ ကျနော်တို့အသင်း အောင်ဖျာလိပ်ပြီး သကာလ ဌာနေကို ပြန်ကြရသည်ပေါ့။ ဘယ်နှစ်ဂိုးမှန်းမသိလောက်အောင်ကို ရှုံးနိမ့်ပြီးပြန်လာကြပေမယ့် အဲဒီရွာက အထွက်အထိ မျက်နှာကြောတင်းတင်းနဲ့။ မသိရင်ပဲ ကိုယ့်အသင်းက တဖက်အသင်းကို ဂိုးတွေမရေမတွက်နိုင် အောင်သွင်းလာကြတဲ့ ပုံစံမျိုး။ ဒီလိုနဲ့ နောက်တနေ့ ကျောင်းတက်ဖို့ အတွက် ကိုယ့်အိမ်ကိုယ်ပြန် ရန် လူစုခွဲလိုက်ပါတော့တယ်။ ဆရာကတော့ အသံတိတ်နဲ့ တခုခုကိုတွေးလာပုံ ရတယ်။
နောက်တနေ့ ကျနော်ကျောင်းကိုရောက်ပြီး ကျနော်တို့အခန်းကို ၀င်လိုက်သည်နှင့် အတန်းထဲမှာ ရှိရှိသမျှ မျက်လုံးပေါင်းများစွာက ကျနော်ထံကိုပင်ရောက်နေသလို ခံစား လိုက်ရတယ်။ ရောက်နှင့်ပြီးသား မနေ့က ဘောလုံးသမားအဖွဲ့တွေရဲ့ မျက်နှာကို ကြည့်ပြန်တော့လည်း ဇီးရွက်သာသာ မျက်နှာလေးတွေနဲ့ ကျနော်ကို ပြန်ကြည့်ကြတယ်။ ဒီတော့ ကျနော်လည်း အခြေအနေကိုရိပ်မိသလိုလို။ 
ကျနော့်ရဲ့ ထိုင်ခုံစားပွဲကို အရောက်မှာတော့ ကျနော့်ထင်သည့်အတိုင်း အကြောင်းစုံကိုသိရပါပြီ။ ကျနော်တို့ တဖက်ရွာကို ဘောလုံးသွားပြိုင်တာကို ကျနော်တို့ကျောင်းအုပ်ဆရာကြီး သိသွားပြီး ကျနော်တို့ကို ဒေါသထွက် နေတဲ့အကြောင်း။ ပြီးတော့ ပြိုင်ပွဲလုပ်ချင်တယ်ဆိုလည်း သေသေချာချာ လေ့ကျင့် ဖို့လိုတာကို မလေ့ကျင့်ဘဲနဲ့ သွားပြိုင်တာရယ်၊ ခုတော့ ရှက်စရာကောင်းလောက်အောင် မရှုမလှရှုံးလာတာရယ်၊ တဖက်ရွာက ကျောင်းနဲ့ ဘောလုံးပြိုင်ပွဲလုပ်တာကို သူ့ကို အသိမပေးတာရယ်၊ အုပ်စုလိုက် ကျောင်းပျက်တာရယ်တွေကြောင့် လို့သိရပါတယ်။
ကျနော်တော့ ကျနော့်အတွက် စိတ်မပူနိုင်တော့ပါ။ ဆရာ့ကိုသာ စိတ်ပူနေမိတော့သည်။ ဆရာတော့ ကျောင်းအုပ်ဆရာကြီးဆူတာ ခံရမှာပဲဆိုပြီး တွေးကာ ကျနော်စိတ်မကောင်း ဖြစ်နေမိတယ်။ တပည့်မကောင်း ဆရာ့ခေါင်းဆိုတာ ကျနော်တို့နဲ့မှ တော်တော်ကို မှန်သွားပါပကော။ ကံကောင်းသည်က ကျနော်တို့အတန်းပိုင် ဆရာမက ကျနော်တို့ဘက်က ရှိနေပေးလို့ပါ။ ကျနော်တို့ အတန်းပိုင်ဆရာမနဲ့ ဆရာတို့ ကျောင်းအုပ်ဆရာကြီးရုံးခန်းမှာ အချိန်တော် တော်ကြာသည်။ ဘာတွေ ပြောနေလဲမသိ။ ပြန်ရောက်လာတော့ ဆရာမက ဆရာကြီး တော်တော်စိတ်ဆိုးနေတဲ့အကြောင်း ပြိုင်ပွဲသွားတဲ့လူတွေစာရင်းကို သူ့ကိုပေးဖို့နဲ့ သူ့ရုံးခန်းကို လွှတ်ပေးဖို့။ အားလုံးရဲ့ မိဘတွေကို ခေါ်ခဲ့ဖို့တွေ ဖြစ်တယ်။
ကျနော်လည်း ဆရာမပြောတဲ့အထဲမှာမှ မိဘတွေခေါ်လာဖို့ဆိုတာကိုတော့ အင်မတန် ကြောက်မိတယ်။ ကျောင်းပျက်ခံပြီး ဘောလုံးကစားဖို့သွားတယ်ဆိုတာသာသိရင် တခြားသူတွေရဲ့ မိဘတွေတော့မသိ၊ ကျနော်ရဲ့ မိဘတွေကတော့ဖြင့် ခွင့်လွှတ်မယ်မထင်။ ဒါပေမယ့် ကျနော်တွေး ကြောက်နေသလိုမျိုး ဖြစ်မလာခဲ့ပါ။ ဆရာမကပဲ ဆရာကြီးကို တောင်းပန်လာခဲ့ပြီး ကျနော်တို့ကို အပြစ်ပေးပါ့မယ်လို့ အာမခံလာခဲ့တယ်။ ဆရာမပေးတဲ့ အပြစ်ကတော့ ကျနော်တို့ အခန်းပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်တွေကောက်ခိုင်းတာပါ။
ဆရာမက ဆရာကြီးမေးရင် ကျနော်တို့ကို ဒဏ်ပေးပြီးပြီလို့ပြောလို့ မှာပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ရဲ့ ဘောလုံးပြိုင်ပွဲက အမှိုက်ကောက်ခြင်းနဲ့ နိဂုံးကမ္ပတ် အဆုံးသတ်ပါတော့တယ်။


No comments:

Post a Comment