Tuesday, December 28, 2010

ချစ်ခြင်းနဲ့ ကျနော်



ကျနော် တကယ်တော့ အချစ်အကြောင်းရေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ အချစ်ဆိုတဲ့အရာက ကိုယ့်အတွက် ဒါ့ထက်ပိုပြီးပြောရင် ကိုယ်ချစ်တဲ့သူ… အဲဒီနှစ်ဦးတည်း သက်ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။ တကယ်တော့ နှစ်ယောက်တည်းရဲ့ စိတ်ခံစားချက်ဟာ အများနဲ့ယှဉ်ပြီး ပြောရင်တော့ ဘာမှမပြောပလောက်ပါဘူး။ ဒါပေမယ့် အဲဒီနှစ်ယောက်တည်းရဲ့ စိတ်ခံစားချက် တွေဟာပဲ ခမ်းနားကြီးကျယ်ပြီး လေးနက်ခြင်း အတိဖြစ်နေပြန်လေရဲ့။
ကျနော်ကိုယ်တိုင်လည်း အချစ်ရဲ့အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးတယ်လေ။ ချစ်တတ်ခဲ့တယ်၊ ပြီးတော့ အလွမ်းဆိုတာလည်း ကျနော်နဲ့ ဖက်လဲတကင်းဖြစ်ခဲ့ပြန်တယ်။ တကယ်တော့ ချစ်ခြင်းရဲ့ အဓိပ္ပာယ်လေးနက်မှုတွေကို သူ့ကြောင့် ကျနော်သိခဲ့တယ်။ ကျနော်ကိုယ် ကျနော်လည်း အံ့သြမိတယ်။ ကျနော့်ဘ၀မှာ အချစ်ဆိုတာကို ဘာမှန်းမသိခင် အချိန်တွေတုန်းက ‘ချစ်တယ်’ ဆိုတဲ့စကားက ကျနော့်အတွက်တော့ ရယ်စရာ၊ သရော်စရာစကားတခွန်းမျှပါပဲ။ ဘာတဲ့…ချစ်တယ် ဟုတ်လား…။ အဲဒါ ကိုယ့်ကိုယ်ကိုသာ ချစ်နေတာပါ။ အဲသလို ကျနော်ပြောနေကျ။ ဖောင်းပွနေတဲ့ အတုအယောင်ချစ်ခြင်းတွေကို ကျနော်မြင်ရ၊ တွေ့ရ၊ ကြားရဖန်များလာတော့ အဲဒီအချစ်ဆိုတာ ကျနော့်အတွက်တော့ လက်မခံနိုင် တဲ့ အကြောင်းအရာတခုပါပဲ။ အဲဒီအချိန်တွေတုန်းက ကျနော်ဟာ စစ်မှန်တဲ့ချစ်ခြင်း ဆိုတာနဲ့ တနေ့နေ့ကြုံတွေ့ ရမယ်လို့ တွေးတောင်မကြည့်ခဲ့မိဘူး။
ကျနော့်ရဲ့ ရင်ခုန်သံတွေက အသက်ရှင်ဖို့လောက်သာ ပုံမှန်အလုပ်လုပ်နေတယ်လို့ပဲ အထင်ရောက်ခဲ့ဖူးတယ်။ ဘယ်တော့မှ ဒီထက်ပိုထူးမလာနိုင်ဘူးပေါ့။ ဒီတော့ ကျနော့်သူငယ်ချင်း တွေကတော့ ပြောတယ်။ ‘အပြောမကြီးလေနဲ့…’တဲ့။
တကယ်လည်း သူတို့ပြောသလို ကျနော်အပြောကြီးခဲ့ဖူးတယ်။ အချစ်ဆိုတာကို မတွေ့ခင်အချိန်က အချစ်ဆိုတာကို ကျနော်မယုံကြည်ဘူး။ ချစ်တယ်ဆိုတဲ့ စကားတခွန်းကို အလွယ်တကူသုံးနှုန်းနေကြတယ်လို့ ကျနော်မြင်ခဲ့တယ်။ တကယ်တော့ ကျနော်ကိုယ်တိုင် အချစ်ဆိုတာ ခံစားနားလည်လာတဲ့အချိန်မှာတော့ အချစ်ဆိုတာ တကယ်ရှိတာပါလားဆိုတာ လက်ခံလိုက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အချစ်ကို ယုံကြည်လာမိလို့လေ။
အချစ်ဆိုတဲ့အရာက ကျနော်မသိလိုက်တဲ့အချိန်မှာ ၀င်ရောက်လာပြီး ကျနော် သတိပြုမိ လိုက်တဲ့ အချိန်မှာ ကျနော့်နှလုံးသားမှာ အမြစ်တွယ်နေခဲ့ပြီ။ အဲဒီအချိန်အထိ ကျနော်လက်မခံ ချင်သေးပါဘူး။ ကျနော့်နှလုံးသားမှာ အမြစ်တွယ်နေတဲ့ အဲဒီ အရာကို အကြိမ်ကြိမ်ထုတ်ယူပစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဲဒီအချစ်ဆိုတဲ့အရာကို ကျနော်ဖယ်ထုတ်လိုက်ရင် ကျနော့်နှလုံးသားကိုပါ အဆစ်ပေးလိုက်ရမယ်ထင်ပါတယ်။ နောက်ဆုံးတော့ ကျနော်လက်လျှော့ လိုက်မိတယ်။
အဲဒီအချစ်ဆိုတာကို မယုံကြည်ခဲ့တဲ့ ကျနော်က ဘာကြောင့် သူ့ကို ကျနော်ချစ်ခဲ့တာလဲ…။ ဒီမေးခွန်းက ကျနော်ခဏခဏ ကိုယ့်ကိုယ်ကို ပြန်မေးရတဲ့ မေးခွန်းတခုပါပဲ။ ဒီလိုမေးတိုင်းလဲ အဖြေကတခုတည်း။ သူက နှလုံးသားလှလို့တဲ့လေ။ ကျနော်လေ… သူစိတ်ချမ်းသာ ပျော်ရွှင်တာကိုပဲ မြင်ချင်တယ်။ ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် ကျနော်သူ့ဘက်မှာအမြဲရှိမယ်။ သူပျော်နေတဲ့ အချိန်မျိုးမှာ ကျနော့်ကို သတိမရရင် ကျေနပ်နိုင်ပေမယ့် သူဝမ်းနည်းတဲ့အခါမျိုး မှာတော့ ကျနော့်ကို သတိရစေချင်တယ်။ ကျနော်လည်း သူနဲ့ထပ်တူ ခံစားနေမှာကိုလေ။
ကျနော် ထမင်းစားနေတဲ့အချိန်မှာ သူကော ဒီအချိန်မှာ ထမင်းမှ စားပြီးရဲ့လား…၊ သူ နေမှကောင်းရဲ့လား…၊ သူ အလုပ်တွေ ပင်ပန်းနေမလား…၊ သူ့မှာ စိတ်ရှုပ်စရာတွေများ ရှိနေမလား ဆိုတဲ့… ဆိုတဲ့အတွေးတွေနဲ့ ကျနော် သူ့အတွက် ပူပင်တတ်ခဲ့တယ်။ သူနေမကောင်းဖြစ်ခဲ့ရင်... ဆက်ပြီး ကျနော်မတွေး ရဲတော့ပါဘူး။ ကျနော် သူ့ကို သိပ်ချစ်နေခဲ့တာလား…။
ကျနော်ချစ်တဲ့ သူ့ဆီက ဘာပြန်မျှော်လင့်လဲ...ဟုတ်လား…။ ကျနော်သူ့ဆီက မျှော်လင့်မိတာက သူ့ရဲ့ပျော်ရွှင်ငြိမ်းချမ်းခြင်းကိုပါပဲ။ သူပျော်ရွှင်တယ်ဆို ကျနော်ကျေနပ်တယ်။ ဒီထက်ပိုပြီး ကျနော် မမျှော်လင့်တော့ပါဘူး။ ဒါဟာ သေချာပါရဲ့လား။ တနေ့နေ့မှာ ကျနော့်ကိုယ် ကျနော် ညာနေများလားဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကို ပြန်မေးမိခဲ့ရင်… ကျနော်ဒီလောက်ပဲ အတ္တကြီးချင်ပါတယ်လို့…။

မှတ်ချက် - ပုံကို ဂူဂဲလ်မှယူပါသည်။

6 comments:

  1. ဒါဆို မွန်းချစ်တဲ့သူကလည်း မွန်းသူ့ကိုချစ်နေတယ်ဆိုတာ မသိသေးဘူးပေါ့.......
    (ကိုယ်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲနော်)

    ReplyDelete
  2. ကိုယ် ဒီစာလေးကို ဖတ်မိတဲ့အချိန်တိုင်း မွန်းရဲ့ချစ်သူနေရာကနေ ၀င်ခံစားကြည့်မိတယ်...... ချစ်စရာကောင်းပြီး တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်သူဖြစ်ခွင့်ရတဲ့အတွက် မွန်းချစ်သူ အတွက် ကိုယ် ဂုဏ်ယူမိပါတယ်.......

    ReplyDelete
  3. ယုံကြည်ချက်ဆိုတာ မြစ်လိုအမြဲမပျက်စီးဆင်းပြီး သစ်ပင်ပန်းမန်တွေလို ဖူးပွင့်ဝေဆာခြင်းပါပဲတဲ့...

    ReplyDelete
  4. ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ ယုတ်ညံ့တဲ့ အောင်ပွဲထက် စွမ်းအားပိုရှိပါတယ်....

    ReplyDelete
  5. အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကိုအမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူလည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူးဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိအစွန်းရှိလာပြီဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည်။

    ReplyDelete
  6. အချစ်ဆိုတာ........
    အပြန်အလှန်
    အစုန်အဆန်မောင်းနေတဲ့
    ရထားကြီးနဲ့ တူနိုင်တယ်။

    တစ်ခါတစ်ခါ ........
    ထပ်တလဲလဲ စဉ်းစားပြန်တော့
    အချစ်ဆိုတဲ့ အရာဟာ...
    မြစ်ပင်လယ်မှာ
    အစုန်အဆန်မောင်းနေတဲ့
    သဘောင်္တစ်စင်းနဲ့လည်း တူပြန်ပါတယ်။

    အော် ..ဒါတင်များလား...
    လေဟာနယ်ထဲမှာ မျောလွင့်နေတဲ့
    မိုးပျံပူဖောင်းလို......။

    မျဉ်းပြိုင်သံလမ်းလေး နှစ်ကြောင်းပေါ်မှာ
    လိုရာကိုခရီးနှင်ဖို့
    ကွေ့ချင်ကွေ့ ကောက်ချင်ကောက်
    ဖြောင့်တဲ့အခါဖြောင့်ရင်း အပေးအယူနဲ့
    စုန်ဆန်ခရီးကို ဘူတာစဉ်သွားခဲ့တယ်နော်။

    ရေစီးနဲ့ရေဆန် လမ်းမှန်ကိုရွေးရင်း
    မြစ်ကြောင်းအတိုင်း ခုတ်မောင်းနေတဲ့
    သင်္ဘောတစ်စီးဟာလည်း
    အပေးအယူသဘောနဲ့
    မြို့ စဉ်ဆိပ်ကမ်းတွေကို
    အစုန်အဆန်သွားနိုင်ခဲ့တာလည်း
    သိစေချင်လိုက်တာကွယ်။

    လေဟာနယ်ထဲမှာ စီးမျောနေတဲ့
    မိုးပျံပူဖောင်းလေးကို
    မင်း...
    ကြည့်စေချင်လိုက်တာ....
    သူခေါ်ရာကို စီးမျောရင်း
    ပျော်ရွှင်ဖွယ်ရာလေစုန်မှာ
    အပေးအယူတည့်နေလိုက်တာများ...။

    ချစ်သူရေ....
    ဒီသဘောတွေကို
    မင်းနဲ့ငါ နားလည်ကြမယ်ဆိုရင်
    ပျော်ရွှင်ခြင်းတွေနဲ့ အနားသတ်မှာ
    ထာဝရ ချစ်ခြင်းတွေ
    ကမ္ဘာဆုံးတိုင်အောင်ပေါ့ကွယ်။ ။


    copy from. ainmat.com

    ReplyDelete