Thursday, December 30, 2010

ဒီဇင်ဘာ အမှတ်တရ



ဒီဇင်ဘာတဲ့။ ဒီဇင်ဘာဆိုတာ ဆောင်းရဲ့သင်္ကေတတခုပါပဲ။ ဒီဇင်ဘာမှာ ကျနော်မွေးခဲ့လို့ ထင်ပါရဲ့။ ဒီဇင်ဘာ မနက်ခင်းလေးမှာ နှင်းငွေ့လေးတွေ ဝေနေတာကို ကျနော်အရမ်းကြိုက်ခဲ့တယ်။ ကျနော်ငယ်ငယ်ကဆို နှင်းကျတဲ့ မနက်ခင်းလေးမှာ စက်ဘီတစီးနဲ့ နှင်းတောထဲမှာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ဖူးတယ်။ နှင်းဖြူတွေသာမြင်ရပြီး ကိုယ့်ရဲ့အရှေ့မှာ ဘာရှိလဲဆိုတာကို မမြင်နိုင်ဘဲ ရှေ့ကိုတိုးနေရတာလေ။ ကျနော့်ရဲ့ ဆံပင်တွေ၊ ကျနော့်ရဲ့ မျက်ခုံးနဲ့ မျက်တောင်မွှေးလေးတွေမှာ နှင်းရည်တွေနဲ့ ရွှဲစိုခဲ့ဖူးတယ်။ အဲဒီလို ခံစားမှုမျိုးကို ကျနော်ကြိုက်ခဲ့တယ်။ သစ်ရွက်ကလေးတွေမှာ နှင်းရည်လေးတွေ ရွှဲစိုနေတာကအစ တမျိုးကြည့်လို့ကောင်းတယ်။ ကျနော်နှင်းငွေ့တွေဝေနေတာကို နှစ်သက်ပေမယ့် အရမ်းချမ်းအေးတဲ့ဒဏ်ကိုတော့ မနှစ်သက်ပြန်။ သိပ်အေးရင် အအိပ်ကြီးတဲ့ ကျနော် မအိပ်တတ်လို့လေ။
အခု ၂၀၁၀ ဒီဇင်ဘာကလည်း ကျနော်စိတ်ထင် အရင်နှစ်ကထက်ပိုအေး နေသလိုပါပဲ။ ဒါပေမယ့် နှင်းကျတာကိုတော့ မတွေ့ရသေးဘူး။ ကျနော်ပဲ အိပ်ပုတ်ကြီးနေလို့လား…။ မနက်စောစော နှင်းကျတာကို မသိလိုက်တာ။ ဟုတ်တယ်။ ကျနော် ဒီလထဲမှာ အရင်ကထက်နောက်ကျပြီးမှ အိပ်ယာထဖြစ်နေတယ်လေ။ အရင်ကထက်နောက်ကျပြီးမှဆိုရင်တော့….။ ဟဲ ဟဲ အေးလို့ထင်ပါရဲ့။ မနက်မနက် အိပ်ယာထပြီး အရမ်းအေးတော့ ရေကိုအမြန်ချိုး ပြီးတော့ Breakfast အတွက် ကော်ဖီတခွက်ရယ် ပေါင်မုန့်ရယ်ကို ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ကမန်းကတန်းစားသောက်။ နောက် ကွန်ပျူတာရှေ့မှာထိုင်နေရင်း ခြေဖျားလက်ဖျားတွေ အေးလာတဲ့အခါ ကော်ဖီပူပူလေး တခွက်ကိုထပ်သောက်…ထပ်သောက်…။ ဘယ်နှစ်ခွက်မြောက်ပါလိမ့်။ အရင်ကထက် ပိုသောက်ဖြစ် နေတာတော့ အမှန်။
ကျနော် အိပ်ယာထနောက်ကျပေမယ့် ရေချိုးပြီးရင် သနပ်ခါးလိမ်းတာတို့ အလှပြင်တာတို့ မလုပ်တဲ့အတွက် အဆင်တော့ပြေသား။ အိမ်မှာဆို ကျနော် သနပ်ခါးမလိမ်းဘဲ မျက်နှာပြောင်နဲ့နေရင် ဖွားဖွားကမကြိုက်ဘူး။ ဖွားဖွားက တခါတလေ သူကိုယ်တိုင် ကျနော့်အတွက် သနပ်ခါး သွေးပေးတတ်သေးတယ်။ ကျနော် အိမ်ပြန်ရင်တော့ ဖွားဖွားစိတ်ချမ်းသာအောင် သနပ်ခါးလိမ်းဆိုလိမ်းလိုက်၊ ဆံပင်ကို သပ်သပ်ရပ်ရပ် စည်းနှောင်ဆို စည်းလိုက်၊ မြန်မာဆန်ဆန် ထမီအင်္ကျီဝတ်ဆို ၀တ်လိုက်နဲ့… ဖွားဖွားပြောသမျှ အကုန်ခေါင်းညိတ်ပြီး နေနေကျ။ အဲ…ရန်ကုန် ပြန်ရောက်ရင်တော့ သနပ်ခါးနဲ့ဝေးပြန်ရော။ ခုလိုအရမ်းအေးတဲ့ ဆောင်းရာသီမျိုးမှာတော့ သနပ်ခါးမလိမ်းတာ ခပ်ကောင်းကောင်းရယ်။
နှင်းငွေ့တွေဖြူဖွေးနေတာကို သဘောကျတတ်ပေမယ့် အရမ်းချမ်းအေးတာကိုတော့ မနှစ်သက်တဲ့ ကျနော်။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့စကားက တော်တော့်ကို မှန်သား။ ကျနော့်မေမေပြောတတ်တဲ့ စကားတခွန်းရှိတယ်။ ‘တခုခုကို စိတ်တိုင်းမကျတာတွေ ရှိတဲ့အခါ ကိုယ့်လက်ကို ပြန်ထောင်ကြည့်ရတယ်’ တဲ့။ လက်ချောင်းလေးတွေ အရှည်အတိုမညီတာကို မြင်စေချင်တဲ့သဘော။ အဲဒါကိုကြည့်ပြီး အရာရာကို ဖြည့်စွက်ပြီး နားလည်ပေးရမယ့်သဘောပါ။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တဲ့ သဘောတရားကို လက်ခံနိုင်ရမယ်ဆိုတဲ့ မေမေ့ရဲ့ပြောစကားကို တခါတခါ သတိရမိတယ်။ ခုလည်း ကျနော် ဆောင်းနှင်းဖြူတွေကို သဘောကျတတ်ပြီး အရမ်းချမ်းအေး တာကိုတော့ မကြိုက်ပြန်။ ဒါပေမယ့် ကျနော် ဆောင်းရာသီရောက်ရင် အမြဲပျော်တယ်။ အထူးသဖြင့် ဒီဇင်ဘာလမှာလေ။
ဒီ ဒီဇင်ဘာလလေးမှာပဲ ကျနော်လူ့လောကထဲ စတင်ရောက်ရှိလာခဲ့တယ်။ ပြီးတော့ ကျနော့်ကို သိပ်ချစ်ကြတဲ့ ဖေဖေ မေမေနဲ့ ဖွားဖွားတို့ကို တွေ့ခွင့်ရခဲ့တယ်။ နောက်ပြီး ချစ်စရာကောင်းတဲ့ ညီမလေးနှစ်ယောက်ရယ် ကျနော်သိပ်ချစ်ရတဲ့ တူလေးတယောက်ရယ်ကိုပါ ပိုင်ဆိုင်နိုင်ခဲ့တယ်။ ပြီးတော့ ကျနော်လေးစားရတဲ့ ကျနော့်ရဲ့ သူရဲကောင်းတွေကိုလည်း မြင်ခွင့်ရခဲ့တယ်။ ပြီးတော့ ကျနော့်ရဲ့….။
ဒီဇင်ဘာရေ…မင်းကိုကျေးဇူးအထူးတင်ပါတယ်။ မင်းရဲ့ဂုဏ်သတ္တိကြောင့် ပတ်ဝန်းကျင်တခု လုံးကို အေးစက်အောင်လုပ်ခဲ့ပေမယ့် ကျနော့်ရဲ့ နှလုံးသားကိုတော့ နွေးထွေးစေခဲ့။
မှတ်ချက် - ပုံကို ဂူဂဲလ်မှယူပါသည်။

No comments:

Post a Comment