Thursday, December 9, 2010

မွန်းကျပ်စေတဲ့ အတွေးစများ


ဒီနေ့မနက် ကျမထံသို့ဖုန်းလာနေတယ်လို့ လာပြောတော့ ရေချိုးနေချိန်ဖြစ်နေတော့ အတော် ကသီကလျင်ဖြစ်ခဲ့ရသည်။ နောက်မှ မေမေတို့များ ဆက်လေသလားဆိုတဲ့ အတွေးနဲ့ ကမန်းကတမ်း ရေချိုးခြင်းကိုအဆုံးသတ်လိုက်သည်။ ပြီးနောက် အ၀တ်အစားခပ်သွက်သွက်လဲလိုက်ပြီး အောက်ထပ်သို့ အပြေးကလေး ဆင်းခဲ့လေသည်။
ဘေးသို့ချထားသော ဖုန်းခွက်ကို ကောက်ကိုင်လိုက်ရင်း ‘ဟလို’ ဟု ပြောရိုးပြောစဉ် စကားဆိုပြီးမှာတော့ တဖက်က အသံက ကျမမျှော်လင့်ထားသလို ကျမရဲ့ အိမ်ကဆက်သော ဖုန်းမဟုတ်ခဲ့ပါ။ ကျမနှင့် အကျွမ်းတ၀င်မရှိလှသော အသံဖြစ်သည်။ ဒါပေမယ့် သူ့ဘက်ကတော့ တကယ့်ကို ရင်းရင်းနှီးနှီးရှိလှသည်။
“ဟေ့ကောင် မင်းရေချိုးလက်စ တန်းလန်းကြီးလား… မင်းက တော်တော် အအိပ်ကြီးတာပဲ။ မိန်းကလေးဖြစ်ပြီး စောစော ထမှပေါ့..”
“ခုမှရေချိုးရတယ်လို့… ခုပြီးပြီလား…”
ရယ်သံစွက်၍ တရင်းတနှီး အမိန့်ပေးသံနဲ့ ပြောနေသော သူ့အသံကြောင့် ဖုန်းမှားနေတာများလားဟု ထင်မိသည်။ မဖြစ်နိုင်ပါ။ ကျမနာမည်နဲ့လာသောဖုန်းဖြစ်နေသောကြောင့် မှားတာတော့ မဖြစ်နိုင်ပါ။ ကျမရဲ့ ဦးနှောက်ကလေးကို ချက်ချင်း အလုပ်ပေးမိလေသည်။ အခုပြောနေတာ ဘယ်သူပါလဲလို့ လုံးဝမမှတ်မိသည့် ပုံစံနှင့်ပြောလျှင် တဖက်သား စိတ်ကသိကအောင့်ဖြစ်မည်စိုး၍ မမေးတော့ဘဲ အကြိတ်အနယ်စဉ်းစားနေမိ၏။
အပြေးအလွှား စဉ်းစားရင်း သူ့ပြောသမျှကို အလိုက်သင့် ‘အင်း…အဲ…’ ဖြစ်နေရင်း ရေချိုးပြီး ခါစလူက ချွေးပြန်ချင်ချင်ဖြစ်လာသည်။ အလိုက်သင့်စကားပြန်ပြောနေရင်း ဦးနှောက်မုန်တိုင်း ဆင်နေရာမှ သူပြောနေတဲ့စကားများကိုနားထောင်ရင်း ကျမဦးနှောက်မှာ အလင်းတန်းလေးတချက် ဖြာထွက်လာခဲ့၏။ ကျမ သူ့ကိုသိလိုက်ပါပြီ။ အင်တာနက်ရဲ့ကျေးဇူးကြောင့် အွန်းလိုင်းပေါ်မှာ ပြန်ဆုံဖြစ်တာ တပတ်သာကြာ သေးသော ဆယ်တန်းတုန်းက အခင်ဆုံးသူငယ်ချင်းဖြစ်နေလေသည်။ 
ဆယ်တန်းပြီးကတည်းက ယခုချိန်ထိဆို မဆုံဖြစ်ခဲ့တာ ခြောက်နှစ်ကျော်ပြီဖြစ်၏။ အဆက်အသွယ်တွေလည်း မရှိခဲ့ပေ။ အဆက်အသွယ်လုပ်ရအောင်လည်း သူ့ဖုန်းနံပါတ်လည်း မမေးမိ ကျောင်းတက်နေစဉ် အချိန်မှာသာ သူနဲ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ မဆုံလည်းမဆုံဖြစ် အဆက်အသွယ်လည်း ပျက်ခဲ့ရ၏။ အခုလို ပြန်ဆုံဖြစ်ခဲ့တာတောင် အွန်လိုင်းပေါ်မှာ ပြန်ဆုံဖြစ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် လက ကျမရဲ့မြို့လေးကိုပြန်တော့ ဆယ်တန်းတက်စဉ်က သူငယ်ချင်းတဦးနဲ့ တွေ့တော့ ခုဖုန်းဆက်သော သူငယ်ချင်းရဲ့ ဂျီမေးလ်အကောင့်ကိုရခဲ့လေသည်။ သူ့ရဲ့ အကောင့်ကို အင်ဗိုက်(invite) လုပ်တော့ သူ့ဘက်မှချက်ချင်းပင် လက်ခံလိုက်တော့ ကျမရဲ့ အကောင့်ထဲကို မီးစိမ်းလေးနဲ့ နစ်နိမ်း (nickname) လေးတခုပေါ်လာသည်။ ‘အိမ်မက်ကဗျာ…’တဲ့။ တကယ်လည်း အိပ်မက်ဆန်ဆန် ကဗျာဆန်ဆန်နဲ့ သူ့ခံစားချက်တွေက အရင်အတိုင်းပဲ ပြောင်းလဲပုံမရပါ။ သူ့ရဲ့ custom massage နေရာမှာ တစုံတဦးအတွက် ရည်ရွယ်ပြီး သူ့ရဲ့ ခံစားချက်တွေကို ကဗျာဆန်ဆန် လှလှပပလေး ရေးသား ထားပါသည်။
ကျမကတော့ (nickname) တခုရယ် ပြီးတော့ တင်ထားတဲ့စာသားရယ်ကိုကြည့်ပြီး သူဆိုတာကို သံသယကင်းမဲ့စွာနဲ့ ယုံကြည်လိုက်ပါသည်။ အဲဒီစာသားတွေကြောင့် စစချင်း တွေ့တယ်ဆို မြင်ပြင်းကပ်စွာနဲ့ ‘အရူးမ’ လို့ ချက်တင်မှ စာရိုက်ပြီးနှုတ်ဆက်လိုက်မိသည်။ သူဘက်ကလည်း reply ပြန်လာသည်။
‘ဟုတ်တယ်.. သူအရူးတဲ့’
ပြီးတော့ ‘မင်းကဘယ်သူလဲ’ တဲ့။ ကျမလည်း
‘မင်းကိုသိနေတဲ့သူပေါ့ အရူးမလေးရဲ့…။
‘မင်းကတော့ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘဲ ရူးတုန်းပါပဲလား…’ လို့ ပြန်ရိုက်လိုက်သည်။
ကျမရဲ့ အမည်ကိုမေးတော့ မပြောဘဲ ဂျီတော့ခ်မှာ သူ့ရဲ့ အကောင့်က မီးအစိမ်းလေးမြင်တိုင်း ကျမကသူ့အား မခံချင်ဖြစ်အောင် စနောက်မိသည်။ သူမက သိချင်လေ ညစ်ကျယ်ကျယ်လုပ်ကာမပြောဘဲ ကျမရဲ့အကျင့်အတိုင်း သူတပါးကို စနောက်ပြီး ပျော်ရွှင်နေမိသည်။ နှစ်ရက် သုံးရက်လောက် ဒီအတိုင်း နာမည်မပြောဘဲ နေခဲ့ရာမှ သူ့ထံမှ ‘မင်းနာမည်မပြောရင် မင်းအကောင့်ကို block လုပ်လိုက်တော့မယ်’ လို့ပြောလာရာ ကျမလည်း လန့်ဖျပ်သွားတော့သည်။ သူဘက်က block လုပ်လိုက်ရင် နောက်တခါ အဆက်အသွယ်ပျက်တောက်သွားမှာ စိုးရိမ်သွားမိသည်။
ကိုယ်နှစ်သက်တဲ့ အမည်နာမတခုကို ပေးပြီး မီးစိမ်းလေးတွေ မီးနီလေးတွေကလွဲပြီး ဘာမှမမြင်နိုင်သော ထိုထိုလူအများရဲ့ သရုပ်အမှန်တွေကို ခန့်မှန်းရခက်၊ တွေးတောရခက်၊ ဝေဖန်ရခက်လှတဲ့ အင်တာနက်ကွန်ရက်ကြီးတခုအတွင်းမှာ ခင်ခဲ့၊ ရင်းနှီးခဲ့၊ အကျွမ်းတ၀င် ဖြစ်ခဲ့သူတွေကိုသာ ရာနှုန်းပြည့် ယုံကြည်ရပါသော အဆိုပါ ခေတ်မီသော အင်တာနက်ဆက်သွယ်မှုတွေက (nickname)တခုရဲ့ နောက်ကွယ်က သရုပ်အမှန်ကို တိတိကျကျသိဖို့တော့ ခက်ခဲလှပါသည်။ အခုလည်း ကျမရဲ့ သူငယ်ချင်းက နာမည်အမှန်မပြောပြရင် သူ့ဘက်မှ ကျမရဲ့ အကောင့်ကို block လုပ်တော့မယ်လို့ ခြိမ်းခြောက်စကား ဆိုလာရာ ကျမရဲ့ နာမည်ကို ဖွင့်ပြောရလေသည်။
ထို့သို့ပြောလိုက်တာတောင်မှ သူက သိပ်မယုံချင်ပေ။ ကျမစိတ်ထဲမှာ ‘သူ… အညာခံရပေါင်းများ နေပြီနဲ့တူတယ်’ လို့ တွေးမိကာ ပြုံးချင်ချင်ဖြစ်နေမိသည်။ သူ့ဘက်က ဂျီတော့ခ်ချက်တင်မှတဆင့်  ကျမရဲ့ ဖုန်းနံပါတ်ကို သိချင်တယ်ဆိုသော စာသားလေးပေါ်လာသည်။ ကျမလည်း ဒီလောက်တောင် မယုံနိုင်ရ ကောင်းလားဆိုပြီး ဖုန်းနံပါတ်မပေးမိပါ။ ဒီတော့ သူက ကျမအပေါ် တဆင့်လျှော့ပေးလာပါသည်။ သူ့ဖုန်းနံပါတ်ပေးပြီး ‘သူ့ဆီကို အခုဆက်လိုက်ပါ’ လို့ပြောလာပါသည်။ ပြီးတော့ သူက ‘ကျမရဲ့ အသံကြားမှ ယုံနိုင်မယ်’ ဟုပြောသည်။ တော်တော်ကြီးမားတဲ့ သံသယပါလားလို့ စိတ်ထဲမှတွေးရင်း သူ့ဖုန်းနံပါတ်ကို မှတ်တော့ထားလိုက်ပါသည်။ ဆက်ကား မဆက်ဖြစ်သေးပါ။ အလုပ်များနေတာလည်းပါသည်။ သံသယ ကြီးမားတဲ့သူ့ကို အမြင်ကပ်တာလည်း ပါသည်။
နောက်တခါ ချက်တင်မှာဆုံဖြစ်တော့ ကျမဖုန်းနံပါတ်ကို ပေးဖြစ်လိုက်သည်။ ပြီးတော့ သူကမေးသေးသည်။ ‘ဘယ်အချိန်တွေဆက်ရင် အဆင်ပြေသလဲ’ မေးတော့ ကျမလည်း ‘မနက်ပိုင်းဆိုရင် ကိုးနာရီနောက်ပိုင်းဆက်’ လို့ပြန်ပြောလိုက်သည်။ သူက ‘အဲဒီအရင်အချိန်တွေက ဘာတွေလုပ်နေလို့လဲ’ ဟုပြောပြီး ‘မနက် ခုနှစ်နာရီခွဲဆို အဆင်မပြေဘူးလား’ ဟု မေးလာပါသည်။
သူပဲအဆင်ပြေမယ့် အချိန်ကို မေးပြီး ခုတော့ ဈေးဆစ်ပြန်ပါပြီ။ ကျမလည်း ‘အဲဒီ ခုနှစ်နာရီခွဲဆို ငါ အိပ်ယာမထသေးဘူးဟ…’ လို့ စာပြန်ရိုက်လိုက်သည်။ သူဘက်မှ ‘ဒါဆို ရှစ်နာရီလောက်ကော’ ဆိုတဲ့ စာက တက်လာပါသည်။ ကျမလည်း အဲဒီအချိန်ဆို အိပ်ယာထရင်လည်း ရေချိုးနေလောက်ပြီ လို့ ပြန်ရိုက်လိုက်သည်။ သူက ‘ဟေ့ကောင် မင်းကမိန်းကလေးဖြစ်ပြီး အအိပ်ကြီးရလား။ စောစောထပေါ့’ လို့ အမိန့်ပေးသလိုလိုနဲ့ လာပြောနေသည်။ ကျမလည်း ‘မထပါဘူး ဘာလို့ထမှာလဲ။ ကိုးနာရီထိုးရင် အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေရင် ပြီးတာပဲ’ လို့ပြန်ပြောမိသည်။
‘မရဘူး မင်း စောစောထရမယ်… ငါဖုန်းဆက်လို့ အိပ်ယာမထသေးဘူးဆိုရင်တော့ အသေပဲ’ ဟု တဆင့်တက်ကာ ခြိမ်းခြောက်စကားဆိုလာပြန်သည်။ ကျမလည်း ‘လာပြီး ခြိမ်းခြောက်မနေနဲ့နော်.. ကြောက်မယ်များထင်နေလား။ အိပ်မှာပဲ’ ဟု ပြန်ပြောနေမိလေသည်။ ထို့သို့ အပြန်အလှန် မတွေ့တာ ကြာပြီဖြစ်လို့ ချက်တင်မှတဆင့် ရန်ဖြစ်ရင်း စိတ်ထဲမှာ ပျော်မိသား။
ခုလည်း တိုက်တိုက်ဆိုင်ဆိုင် သူဖုန်းဆက်တဲ့အချိန်မှာ ရေချိုးနေချိန်ဖြစ်နေသည်။ သူ့အသံမကြားရ တာကလည်းကြာ၊ ဖုန်းထဲမှာလည်းဖြစ်နေတော့ စစချင်းတော့ အသံကိုမကျက်မိတာ ဖြစ်သည်။
ဖုန်းဆက်တဲ့အကြောင်းက ‘ငါတို့ တနေ့လောက်တွေ့ရအောင်’ ဟုဆိုလာပါသည်။ သူကော ကျမကော အားတဲ့နေ့ တနင်္ဂနွေနေ့ပင်ဖြစ်သည်။ သူကပြောသေးသည် ကျမကို ‘မင်းကို ရင်ဖွင့်စရာ တွေရှိတယ်’ ဆိုတဲ့အကြောင်းပင်ဖြစ်သည်။ အရင်လို နားငြီးအုံးမပေါ့။ နားထောင်ခတော့ ကော်ဖီတိုက် ရမယ်လို့နောက်လိုက်သည်။ ကျမရဲ့ သူငယ်ချင်းကတော့ မဆုံဖြစ်တာ ခြောက်နှစ်ကျော်ကြာပေမယ့် အခုစကားပြောကြည့်ရသလောက်တော့ နည်းနည်းလေးမှ မပြောင်းလဲသေးပါ။ အရင်ကလို အဟောင်းတွေ အသစ်တွေကြားထဲ ခံစားချက်တွေများဆဲပင်။
ကျမရဲ့ စိတ်တွေက လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကာလတွေဆီ လွင့်ပျံရွေ့လျားသွား ပါတော့သည်။
ကျမဆယ်တန်းနှစ်ရောက်တော့ ကျမတို့မြို့ရဲ့ အောင်ချက်ကောင်းတယ်လို့ နာမည်ရသော ကျူရှင်တခုတွင် မိဘတွေကပြောင်းထားပါသည်။ အဲဒီကျူရှင်မှာ သူနဲ့စတင်တွေ့ဆုံခြင်းဖြစ်သည်။ မျက်နှာသွယ်သွယ်၊ နှာချောင်းချွန်ချွန်၊ နှုတ်ခမ်းက စုစုဖူးဖူးလေး ပြီးတော့ မျက်ခုံးသေးသေး တန်းတန်းလေးရယ် မျက်လုံးဝိုင်းဝိုင်းနက်နက် မျက်တောင်ကော့ကော့ကလေးနှင့် ကျောလယ်လောက်ရှိတဲ့ ဆံပင်ဖြောင့်ဖြောင့် စင်းစင်းကလေးနဲ့သူက မိန်းမချောလေးတယောက်လို့ မြင်သူအားလုံးက သတ်မှတ်ကြသည်။ အသားကတော့ ညိုတဲ့အထဲမှာပါသည်။ အရပ်ကတော့ ကျမနဲ့တူတူပဲမို့ အရပ်မြင့်မြင့်လေးဖြစ်သည်။ ကျမက သူ့လိုအရပ်မြင့်ပေမယ့် ဆံပင်ကတိုတိုကပ်ကပ် ကလေးနှင့် မျက်နှာမှာ သူ့လိုညွှန်းစရာ အလှအပ ဘာတခုမှ မရှိပါ။ သာမန် သူလို ငါလို ရုပ်ရည်မျိုးပင်ဖြစ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို ညှာညှာတာတာ သတ်မှတ်မိသည်။
ကျူရှင်စတက်သောနေ့မှာ ကျမကလည်း အသစ် သူကလည်း ကျမလိုပင် ဒီနှစ်မှ ဒီကျူရှင်ကို ပြောင်းလာတဲ့သူဖြစ်နေ၏။ အတန်းထဲရောက်တော့ တခုံတည်း အတူတူထိုင်ဖြစ်ခဲ့သည်။ သွက်လက်သော သူက စတင်ပြီး မိတ်ဆက်စကားဆိုသည်ကို ကျမအခုထိ မှတ်မိနေပါသည်။ သူက သွက်သွက်လက်လက်နဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်၏။ တရက်နှစ်ရက်အတွင်းမှာ အတန်းထဲကလူတော်တော် များများနှင့် သူရင်းနှီးပြီးဖြစ်နေသည်။ အပေါင်းအသင်း မိတ်ဆွေတွေ များသလို ချစ်သူရည်စားတွေလည်း ပေါတာ နောက်တော့မှ သိလာရသည်။
တချိန်တုန်းက သူ့ရဲ့ရည်စားဖြစ်ခဲ့ဖူးသည်ဆိုသော လူတယောက်သည် ကျမတို့ကျူရှင်တွင် Guide ဖြစ်နေသည်။ ကျမတို့ရဲ့ ဆရာလို့ပြောရမယ့် သူပင်ဖြစ်သည်။ သူက အဲဒီ Guidt ဆရာလေး ကို တကယ်ချစ်ခဲ့တာခြင်းဖြစ်သည်ဟု ပြောပြခဲ့ဖူးသည်။ နောက်တော့မှ သူရဲ့ အချစ်တွေပေါမှန်း တအံ့တသြ သိလာခဲ့သည်။ သူဘယ်အချိန်ကစလို့ ရည်စားထားသလဲတော့ ကျမ မမေးဖြစ်ခဲ့ပါ။ အရင်တွဲခဲ့ဖူးသည် ဆိုသော သူ့ရည်စားတော်တော်များများကို လမ်းသွားရင်း တနေရာရာမှာတွေ့ရင် ကျမအား ပြလေ့ရှိသည်။ ပြီးတော့ သူတို့အပေါ်မှာထားတဲ့ သူ့ရဲ့ မတူညီတဲ့ ခံစားချက်အမျိုးမျိုး၊ အဖုံဖုံကိုလည်း နားထောင်ခဲ့ရသည်။
ကျောင်းတတ်တော့ သူနှင့်ကျမက တကျောင်းတည်း။ အခန်းချင်းတော့ မတူပေ။ ဒါပေမယ့် သူက နေ့လည်မုန့်စားဆင်းချိန်မျိုးမှာ တခါတရံ ကျမတို့အတန်းဘက်ကို လာတတ်သည်။ ကျောင်းက သူငယ်ချင်း တချို့က သူနဲ့ကျမ သူငယ်ချင်းဖြစ်ပြီး တတွဲတွဲနေတာကို တားသူလည်းရှိသည်။ သတိပေးသူလည်းရှိသည်။ အကြောင်းကတော့ သူက ရှုပ်တယ်ဆိုသော အကြောင်းပြချက်ပင် ဖြစ်သည်။ သူတို့အပြောအရ ရည်စားများသောကြောင့် ရှုတ်တယ်လို့ဆိုလိုခြင်းဖြစ်ကြောင်း သိလာရသည်။
ကျမအတွက် စိတ်ပူလို့ ပြောပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါသည်။ ဒါပေမယ့် ကျမ သူနဲ့ အတွဲမပျက်ခဲ့ပါ။ တကယ်တော့ ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်ဆိုတာကို ကျမက လက်ကိုင်ထားခြင်းပင်ဖြစ်သည်။ သူမရည်စားများရုံနဲ့ ကျမက သူနဲ့ အပေါင်းအသင်း မလုပ်ရတော့ဘူးလား... ဆိုတဲ့အတွေး က ကျမခေါင်းထဲသို့ ၀င်လာပါသည်။ သူတို့ပြောပုံအရ သူနဲ့ပေါင်းရုံနဲ့ ကျမရဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီးသွားတော့မလိုဖြစ်နေသည်။ သူက ကိုယ်ကျင့်တရား ပျက်စီးနေတဲ့သူလည်း မဟုတ်။ ဘာပဲဖြစ်ဖြစ် သူ့မှာ ဖြူစင်ပြီး ပွင့်လင်းတဲ့ဟန်ပန်တွေရှိသည်။ ကျမ အဲဒါကို သဘောကျခင်မင်ခြင်းဖြစ်သည်။
သူ့နဲ့ရင်းနှီးလာတော့ သူ့ရဲ့ ဖြူစင်တဲ့စိတ်ကို ကျမနားလည်လာခဲ့သည်။ သူ့မှာ အဖေမရှိတော့ပါ။ သူငယ်ငယ်ကလေးထဲက ဆုံးသွားတယ်လို့ သူပြောပြခဲ့သည်။ သူ့အမေက နောက်အိပ်ထောင်မပြုဘဲ သူ့ကို ကျွေးမွေးစောင့်ရှောက်နေခြင်းဖြစ်သည်။ သူက စိတ်ကောင်းစေတနာရှိတဲ့ သူတယောက်ပင်ဖြစ်သည်။ သူတပါးအပေါ် ကူညီသနားတတ်ကာ လွတ်လပ်ပွင့်လင်းသူတယောက်လည်းဖြစ်၏။
ဟန်ဆောင်စကားမဆိုတတ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်ဆိုတတ်တာက တခါတခါတော့ လူအထင်သေးစရာ ကိစ္စများဖြစ်နေသလားဟု ကျမ ယခင်ကတွေးခဲ့ဖူးပါသည်။ ယခုချိန်ထိလည်း တွေးနေရဆဲပင်ဖြစ်သော အကြောင်းအရာတခုဖြစ်ခဲ့၏။ ဘယ်သူတွေ သူ့အပေါ် အဆိုးမြင်မြင် ကျမ ကတော့ သူ့နဲ့တွဲမြဲ၊ သူ့ရဲ့အသည်းကွဲဇာတ်လမ်းဆိုသည်များကိုလည်း သည်းခံနားဆင်ပေးရစမြဲပင် ဖြစ်သည်။ တခါတော့ ကျမသူ့ကိုပြောဖူးသည်။
‘တကယ်တော့ အသည်းကွဲရင် မင်းဘယ်လိုလုပ်အသက်ရှင်နိုင်ပါ့မလဲ’ လို့ နှစ်သိမ့်တာလား ဘာလားမသိသော စကားကိုဆိုခဲ့ဖူး၏။
တခါရည်စားနဲ့ကွဲသွားတိုင်း ‘ငါတကယ်ခံစားနေရတာ’ လို့ ပြောတတ်သော သူ့ကို ကျမက ခံစားပဲခံစားနိုင်လွန်းရန်ကောဆိုတဲ့ မကျေမနပ်အကြည့်နဲ့ ကြည့်လိုက်မိသည်။ သူ့အပေါ် ကိုယ်ချင်းစာ တတ်ဖို့ဆိုတာကလည်း ကျမမှာ ချစ်သူဆိုလို့ မူးလို့ပင် ရစ်စရာမရှိခဲ့ပါ။ သူများတွေကတော့ မူးလို့ပင် ရှူစရာမရှိလို့ ပြောတတ်ကြပါသည်။ ကျမကတော့ အပြောင်အပျက် ပြောရင်း အကျင့်ပါသွားခြင်းပင် ဖြစ်သည်။
ရည်စားတွေနဲ့ ပျက်သွားတုန်း ခဏသာ ခံစားရတဲ့ ပုံပေါက်နေသည်။ နောက်တော့လည်း မေ့လွယ်ပျောက်လွယ်နဲ့ ပုံမှန်ပြန်ဖြစ်သွားတတ်ပြန်၏။ သိပ်မကြာခင်မှာ နောက်ရည်စားတယောက် ထပ်ရပြန်ပြီတဲ့။ ဒီတယောက်ကိုတော့ တကယ်ချစ်တာဆိုလာသော သူ့ကို ပါစပ်အဟောင်းသားနဲ့ ငေးပဲကြည့်နေမိတော့၏။
ရည်စားတွေတယောက်ပြီးတယောက်နဲ့ တွဲလိုက် ပျက်သွားလိုက်၊ ပြန်ဆက်လိုက် နဲ့ ရှုပ်ယှက်ခတ် နေသည့်ကြားက သူက အောင်သွယ်တော်လည်း လုပ်လိုက်သေးသည်။ ကျမတို့ကျူရှင်က နှစ်ကျ အစ်ကိုကြီးတယောက်က ကျမကို ချစ်တဲ့အကြောင်း သူ့ထံမှတဆင့် ကျမကိုပြောခိုင်းပါသည်။ အရင်နှစ်က ခြေချော်လက်ချော်ဖြစ်ပြီး ကျခဲ့ဟန်တူတဲ့ အဲဒီအစ်ကိုကြီးက ဒီနှစ်မှာ ကျမတို့နှင့် ကျူရှင်အတူတူ တက်ရသည်။ သူက စာအတော်အသင့်တော်ပါသည်။ အဲဒီအောင်သွယ်တော် ကျမသူငယ်ချင်းက စာတော်တဲ့ကိစ္စကို အကြောင်းပြုပြီး ကျမနှင့် အဲဒီအစ်ကိုကြီးကို အောင်သွယ်ပုံက သင်းလှသည်။
သူပြောတာက ‘စာတော်တဲ့ ရည်စားကိုရတော့ မင်း မရှင်းတဲ့စာတွေ သူ့ကိုမေးလို့ရတာပေါ့’ လို့ ဆိုလာပါသည်။ ကျမလည်း သူ့စကားကိုကြားပြီး ဟာသမြောက်လှသော စကားလုံးကို ကြားရသလိုပဲ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောလိုက်မိ၏။ ထို့နောက် ‘မလုပ်ပါနဲ့ ဆရာမရယ်.. ငါ့မှာ စာမရရင် ကျောင်းမှာကော ကျူရှင်မှာကော မေးစရာ ဆရာဆရာမတွေ အများကြီးပါ၊ စာရှင်းပြဖို့နဲ့တော့ ရည်စားတယောက်တော့ မထားပါရစေနဲ့’ ဆိုပြီး သူ့အပြောကို သဘောကျရယ်မောနေမိသည်။
မင်းပဲ သူ့ကို မရှင်းတဲ့စာ မေးဖို့အတွက် ပြန်ကြိုက်လိုက်ပါလားဟု ကျမစနောက်မိသည်။ သူပြန်ပြောသော စကားကြောင့် အသံထွက်အောင်ပင် ရယ်လိုက်မိသည်။ သူပြောတာက ‘ငါ့ကိုမကြိုက် လို့ပေါ့၊ ငါ့ကိုသာကြိုက်ရင် ပြန်ကြိုက်တာကြာပြီ’လို့ ပြောလာသော သူ့ကို ကျမ အထင်မသေး မိပါ။ သူရဲ့ ပွင့်လင်းတဲ့ ဟန်ပန်ကို သဘောကျမိသည်။
သူက ဉာဏ်ကောင်းပေမယ့် စာကို စိတ်မ၀င်စားပေ။ သူစိတ်ဝင်စားတာက အလှအပရယ်၊ စကားလုံးလှလှလေးတွေရယ်၊ အဲဒီ စကားလုံးလှလှလေးတွေကို သုံးပြီး သူ့အသည်းကိုခွဲခွဲသွားတယ် ဆိုသော ယောက်ျားသားများကိုပဲဖြစ်သည်။ ဉာဏ်ကောင်းပေမယ့် စာကိုစိတ်မ၀င်စားသော သူ့ကို အချိန်တန်တော့ အဲဒီအပြစ်ဒဏ်ကို ခံရစမြဲပင်ဖြစ်သည်။ ဆယ်တန်းအောင်စာရင်း ထွက်ပြီဆိုတော့ သူ့နာမည်မပါခဲ့ပေ။ သူ့အမေတော့ အရမ်းကိုဝမ်းနည်းမှာပဲလို့ ကျမတွေးမိသည်။ သူ့အတွက်တော့ တွေးမပူမိခဲ့ပါ။ တကယ်တော့ ကျမလည်းပဲ ဉာဏ်အတော်အသင့်ကောင်းပေမယ့် စာကျက်ပျင်း ခဲ့သည်။ အပျင်းကြီးတဲ့ ကျမကို အိမ်က သံပတ်ပေးလွန်းလို့သာ သာမန်ရိုးရိုးအဆင့်နှင့် အောင်ခဲ့တာဖြစ်၏။
နောက်တော့ သူ့သတင်းကိုသာကြားခဲ့ရသည်။ သူနှင့် မတွေ့တော့ပါ။ ဆယ်တန်းလည်း ပြန်မဖြေတော့ဘူးဆိုတဲ့ အကြောင်းရယ် ပုဂ္ဂလိကအထည်ချုပ်စက်ရုံတခုမှာ အလုပ်ဆင်းနေတယ် ဆိုတာရယ်ပဲ သိခဲ့ရ၏။ လူချင်းမတွေ့ဖြစ်ကြတော့ပေမယ့်  သူက ကျမရဲ့ အခင်ဆုံးသူငယ်ချင်းဆိုတာ အကြောင်းတိုက်ဆိုင်တိုင်း အမှတ်ရစေသည်။
နောက်ပိုင်းမှာ ကျမလည်း တက္ကသိုလ်တခုမှ ရိုးရိုးသာမန်ဘွဲ့တခုရခဲ့၏။  ပြီးတော့ ကျမရဲ့ မွေးရပ်မြေမြို့ကလေးကို ခွဲခွာပြီး ဘ၀အတွက် ကြိုးစားမှုရှိသလောက် အောင်မြင်တိုးတက်ဖို့ အခွင့်အရေး ရှိမယ်လို့ ထင်ရတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးကို ရောက်ခဲ့ရ၏။ အဲဒီမှာက ကျမတို့မြို့မှာ မရှိနိုင်သော ကျမ တက်ချင်တဲ့ သင်တန်းတွေရှိသည်။ ပြီးတော့ တိုးတက်ဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အရည်အချင်းရှိမှုအပေါ် မူတည်ပြီး ရှိသည်လို့ ထင်မိပါသည်။ တကယ်တော့ ဘ၀အတွက် အောင်မြင်တိုးတက်ဖို့ အခွင့်အလမ်းတွေရှိသလို ကျမတို့ မိန်းမသားများအတွက် အလှအပနဲ့ ပျော်ရွှင်မှု ထင်ပေါ်မှုတွေအကြား ယစ်မူးသာယာသွားရင် ဆုံးရှုံးပျက်စီးသွားနိုင်တယ် ဆိုကိုလည်း ကျမအတွက် မှတ်သားဖွယ် မြင်တွေ့ကြား သိလာရ၏။ ရန်ကုန်ကိုရောက်ပြီး သုံးနှစ်ဆိုတဲ့ အချိန်ကာလအထိ အပြုံးတုတွေ ၀န်းရံပြီး ဟန်ဆောင် စကားတွေဖုံးလွှမ်းထားတဲ့ ရန်ကုန်မြို့ကြီးဟာ ကျမအတွက်တော့ အံဝင်ခွင်ကျမရှိသေးပါ။
သုံးနှစ်ဆိုတဲ့ ကာလတခုမှာ ကျမကိုယ် ကျမ အောင်မြင်တိုးတက်မှုရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိပါသည်။ ခုချိန်ထိ ကျမက ကိုယ်သွားမယ့်လမ်းကို ကိုယ်တိုင်ဖောက်နေဆဲပဲဖြစ်၏။ တချို့လူတွေအတွက် သွားရမယ့်လမ်းက အဆင်သင့် ဖောက်ပြီးသားရှိသလို အဲဒီလမ်းအတိုင်း သက်တောင့်သက်သာ လျှောက်သွားရုံပဲလိုပြီး တချို့တွေအတွက်တော့ ကိုယ်သွားမယ့်လမ်းကို ကိုယ်တိုင် ဖောက်ယူရတာမျိုးလေ။
ကျမကိုယ်တိုင်လည်း ဒုတိယအမျိုးအစားထဲမှာ ပါတဲ့သူတယောက်ဖြစ်ခဲ့လေတော့ ကိုယ့်သွားမယ့် လမ်းကို ကိုယ်ကိုယ်တိုင်ဖောက်ပြီး ကျမရဲ့လမ်းကလေး ဖြောင့်ဖြူးလှပဖို့တော့ ကျမရဲ့တာဝန်ပဲ ဖြစ်လေသည်။ လမ်းဖောက်ရင်း စိတ်ဓာတ်ကျ မောပန်းလာလို့ ဆက်မဖောက်ရင် ဆက်မသွားရုံပဲရှိတာပေါ့။ ရောက်တဲ့နေရာမှာ ကျမ ရပ်တန့်နေရမှာပဲဖြစ်သည်။ ဒီတော့ လမ်းဖောက်ပြီး ပန်းတိုင်ရောက်ဖို့က ကျမရဲ့ ကိုယ်ပိုင်တာဝန်ပဲဖြစ်သည်လို့ ခံယူရင်း ဖြောင့်ဖြူးပြီး သာယာလှပတဲ့လမ်းကလေးကို ကျမကိုယ်တိုင် ဆက်ဖောက်ရဦးမှာပါ။ အဲဒီလမ်းကလေးဟာ အစွန်းအထင်းကင်းတဲ့ အဖြူရောင်လမ်းကလေး ဖြစ်စေ ချင်သည်။
“ကလင်…ကလင်..”
ကျမ ဘယ်အထိတောင် အတွေးလွန်နေသည် မသိ။ အလုပ်ကိစ္စ ဖုန်းဝင်လာတော့မှ သတိဝင်လာခဲ့မိသည်။
ကျမစိတ်ထဲမှာ တနင်္ဂနွေနေ့ကို အမြန်ရောက်ချင်နေမိပါသည်။ ကျမနဲ့မတွေ့တဲ့ အချိန်ကာလတွေမှာ သူဘာတွေဖြစ်ခဲ့ လုပ်ခဲ့သလဲဆိုတာတွေကို ကျမသိချင်မိပါသည်။ ကျမသိချင်တာ တွေမေးရင်း သူပြောပြတဲ့ မရိုးနိုင်တဲ့ဇာတ်လမ်းကိုလည်း နားထောင်ရမည် ထင်ပါသည်။ ယခင်လို ဟန်ဆောင်မှုတွေ မပါတဲ့ ကျမသူငယ်ချင်းရဲ့ လွတ်လပ်ပွင့်လင်းတဲ့ ဟန်ပန်တွေကို  စဉ်းစားရင်းနဲ့ လွမ်းလာမိသည်။
စိတ်ထဲကမပါတဲ့ ဟန်ဆောင်အပြုံးတွေ၊ ရင်ထဲက မလာတဲ့ စကားသံတွေ၊ သစ္စာတရားမဲ့နေတဲ့ မုသာဝါဒတွေ၊ ကိုယ့်ကျင့်သိက္ခာတရားကို ငွေလောက်တန်ဖိုး မထားသူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော လူတန်းစာတွေ… သူတို့ဆီမှာကော ရိုးသားပြီး လွတ်လပ်ပွင့်လင်းတဲ့ ဟန်ပန်တွေ ပျောက်ကွယ်သွားတာလား၊ ဒါမှမဟုတ် မရှိခဲ့တာလား ကျမ မတွေးတတ်တော့ပါ။
လွတ်လပ်ပွင့်လင်းပြီး ဟန်ဆောင်မှုကင်းမဲ့တဲ့ ရယ်သံတွေ စကားသံတွေကို ကျမလွမ်းနေမိတာ ကြာပြီဖြစ်သည်။
ကျမမျှော်လင့်နေရတဲ့ တနင်္ဂနွေနေ့အရောက်မှာတော့ ဖုန်းသံကိုပဲ နားစွင့်နေမိသည်။ သူ့အိမ်ကနေလာပြီး မြို့ထဲရောက်မှ ဖုန်းဆက်မည်ဟု ကျမကိုပြောခဲ့တာကြောင့် သူ့ဖုန်းအလာကို စောင့်နေမိခြင်းဖြစ်သည်။ သူလာမှ လာဖြစ်ပါ့မလား.. သူဖုန်းဆက်ရင် ဒီကဖုန်းမအားရင် စိတ်ရှည်ရှည်နဲ့မှ ခေါ်ပါ့မလား စသဖြင့် အတွေးပေါင်းများစွာနဲ့ စိုးရိမ်ပူပန်နေမိသည်။ ခဏကြာတော့ ကျမမျှော်နေသော သူ့ထံမှ ဖုန်းဝင်လာပါသည်။ သူ ဆူးလေးဘုရားလမ်းက Parisian Cafe ဆိုင်မှာ သူရောက်နေပြီလို့ ဖုန်းဆက်လာပါသည်။ ကျမအား ‘ဆယ်မိနစ်အတွင်း ရောက်အောင်လာခဲ့’ ဆိုလာရာ ကျမလည်း ‘ဆယ့်ငါးမိနစ်အတွင်းမှ ရောက်မယ်’ ပြောလိုက်ပြီး ဖုန်းချလိုက်သည်။
ဆိုင်ရှေ့ရောက်တော့ ကျမ ရင်ခုန်နေမိပါသည်။ အခင်ဆုံးသူငယ်ချင်းတယောက်ကို နှစ်အတော် ကြာခွဲခွာပြီးမှ ပြန်လည်ဆုံဖြစ်တော့ အမည်မဖော်တတ်သော ၀မ်းသာကြည်နူးမှုမျိုးကို ကျမခံစားနေရ သည်။ ဆိုင်ရဲ့ မှန်တံခါးကိုတွန်းဖွင့်အပြီးမှာ ကျမတွေ့ချင်သောသူ့ကို ရှာဖွေနေမိသည်။ ကျမ၀င်လာ ကတည်းက မြင်ပုံရသော သူက ကျမအား မတ်တပ်ရပ်ကာ လက်လှမ်းပြနေသည်။ သူထိုင်နေတာက ၀င်ပေါက်နဲ့ မနီးသော နောက်ကျကျစားပွဲမှာဖြစ်သည်။
ကျမလည်း သူရှိရာစားပွဲဆီသို့လျှောက်သွားလိုက်ရင်း မမြင်တာကြာပြီဖြစ်တဲ့ သူ့ကိုသေသေချာချာ ကြည့်လိုက်မိသည်။ သူကလည်း ကျမကို ပြန်ကြည့်နေ၏။ သူက အရင်ကထက်စာရင် အနည်းငယ်ဝ လာပါသည်။ ဒါပေမယ့် ကြည့်လို့ကောင်းနေသည်။ ပြီးတော့ အရင်ကလို ဆံပင်ရှည်ရှည်လေးနဲ့ မဟုတ်တော့။ ဂုတ်လောက်ထိရှည်သော ဆံပင်ကလေးကို အောက်နားတ၀က်လောက်ကို ရွှေရောင် ဆိုးဆေးလေးဆိုးထားပါသည်။ သူက အရင်ကထက်ကို အများကြီးလှလာပါသည်။
တယောက်နဲ့တယောက်ကြည့်နေရင်းမှ ကျမက ‘မင်းနဲ့တွေ့ရတာ အရမ်းဝမ်းသာတာပဲ…’
‘ငါလည်း ၀မ်းသာတယ်။ ငါဆိုင်မှာထိုင်ရင်းနဲ့ မင်းက ဘယ်လိုပုံစံနဲ့လာမလဲဆိုတာ မှန်းကြည့် နေတာ။ အခုဆိုင်ရှေ့မှာမင်းကို လှမ်းမြင်လိုက်တာတောင် သေသေချာချာပြန်ကြည့်နေတာ။ မင်းက တော်တော်လှလာတယ်’ ဟုဆိုကာ ကျမလွမ်းနေသော အပြုံးမျိုးနဲ့ စကားဆိုလာပါသည်။ အဲဒီအပြုံးလေး လေ။ တကယ့်ကို ရင်ထဲက လာတဲ့အပြုံး။ ဟန်ဆောင်မှုတွေ ဖုံးထားတဲ့ အပြုံးတွေနဲ့ ဘာမှမဆိုင်။ တကယ့်ကို ဆီနဲ့ရေလို ကွားခြားနေ၏။
သူပြောသမျှကို နားထောင်ရင်း ‘မင်းက လှလာတယ်ပြောမှတော့ တကယ်လှလာလို့ ဖြစ်မှာပေါ့နော်’ လို့ ပြောင်ချော်ချော်မျက်နှာလေးနဲ့ ပြောလိုက်သည်။
ပြီးမှ သူမက သတိရဟန်ဖြင့်
‘မင်း ဘာသောက်မှာလဲ မှာလေ.. မင်းရှင်းရမှာနော်… ငါစားချင်တာတွေကိုလည်း လိုက်ကျွေးရမယ်။ ဒီနေ့က ၃၁ရက်ဆိုတော့ ငါက လဆန်းငါးရက်နေ့မှ လခကထုတ်ရမှာ ဒါကြောင့် အခုငါ ဘိုင်ပျက်နေပြီ’
အဲဒီလို ဟန်မဆောင်တတ်သော သူငယ်ချင်းပါပဲ။ သူမရဲ့ ပွင့်လင်းတဲ့ဟန်ပန်လေးတွေ မပျောက်ဆုံးသေးတာ ကျမ၀မ်းသာရပါသည်။
ပြီးနောက် တခုခုမှာရန်အတွက် ကျမ ကောင်တာဆီသို့ လျှောက်သွားလိုက်ရင်း မှန်ဘီဒို အတွင်းမှာ စားချင်စဖွယ် မုန့်မျိုးစုံတွေထဲမှ ကိတ်မုန့်တတုံးရယ်၊ ထောပတ်သီးဖျော်ရည်တခွက်ရယ်မှာရင်း ပိုက်ဆံရှင်းပြီး စားပွဲဆီသို့ ပြန်လာခဲ့သည်။
သူက မှာထားပြီဖြစ်တဲ့ စတော်ဘယ်ရီမစ်ရှိတ်ခွက်ကို စိတ်မပါတပါ့သောက်ရင်း ကျမကိုစောင့် နေသည်။
ကျမလည်း စားပွဲမှာထိုင်လိုက်ရင်း
 ‘အင်း… ပြောပါဦး မင်းရဲ့အကြောင်းတွေကို… ငါနဲ့ မတွေ့တဲ့အချိန်အတောအတွင်း ဘာတွေများ ပြောင်းလဲသွားခဲ့သလဲ။ မင်း အရင်က လုပ်နေတဲ့ အထည်ချုပ်စက်ရုံမှာပဲလား..’
ကျမသိချင်တာတွေကို မေးမိသည်။ သူနဲ ကျမ မတွေ့ဖြစ်တော့တဲ့နောက်ပိုင်း သူဆယ်တန်း စာမေးပွဲလည်း ပြန်မဖြေခဲ့ဘူးလို့ ပြောသည်။ ဘွဲတခုရပြီးတာတောင် အလုပ်ရဖို့ မလွယ်လှတဲ့ အချိန်မှာ သူက ဆယ်တန်းလည်း မအောင်ခဲ့တော့ အလွယ်ဆုံးအလုပ်တခုဖြစ်တဲ့ ရန်ကုန်မြို့နယ်အတွင်းမှာရှိတဲ့ ပုဂ္ဂလိက အထည်ချုပ်စက်ရုံမှာ သာမန်ရိုးရိုးအလုပ်သမ အဆင့်နဲ့ စတင်ဝင်ရောက်ခဲ့တယ်လို့ သိရသည်။ နောက်ပိုင်း သူက သွက်လက်ပြီး ပင်ကိုယ်ဉာဏ်လည်းကောင်းတော့ ကွန်ပျူတာပိုင်းမှာ စာရင်းပိုင်းဆိုင်ရာ လုပ်ရတယ်လို့ပြောပြပြီး သူတို့အထည်ချုပ်စက်ရုံက အင်တာနက်လည်းတပ်ထားတော့ သူက အမြဲလိုလို အွန်လိုင်းပေါ်မှာ ရှိနေခြင်းပင်ဖြစ်သည်။
သူရဲ့လက်ရှိအခြအနေကို ကျမအား ညည်းညည်းညူညူပြောပြခဲ့သည်။ သူ့ရဲ့ အချိန်ဇယားတွေကို ကျမကိုပြောပြသလောက်တော့ သူ့မှာ အားလပ်ချိန်ဆိုတာ ရှားပါးလှပါသည်။ မနက် ၅နာရီ အိပ်ယာမှထပြီး ၆နာရီဆို ထမင်းချိုင့်နှင့် ဖယ်ရီကားပေါ် အဆင်သင့်ကားပေါ်ရသည်။ ပြီးတော့ စက်ရုံရှိရာသို့ နှစ်နာရီလောက် ကားဖြင့်သွားရသေးသည်။ စက်ရုံရောက်တော့ ၈နာရီလောက်ရှိပြီ။ အဲဒီအချိန်ကနေစပြီး တနေကုန်အလုပ်ထဲမှာပဲနစ်မြုပ်နေလိုက်တာ ည ၈နာရီခွဲမှ အိမ်ပြန်ဖို့ အလုပ်ဆင်းရသလို အိမ်ရောက်တော့ ည ၁၀နာရီခွဲမှ အိပ်သို့ပြန်ရောက်သည်။
ကျမတို့မြို့မှာ သူ့လိုပဲ အထည်ချုပ်မှာအလုပ်လုပ်တဲ့ ယောက်ျားလေး၊ မိန်းကလေးတွေရှိပါသည်။ တချို့ဆို ဘွဲ့တခုရပြီး ၀င်လုပ်နေကြတာတောင် ရှိသည်။ ယောက်ျားလေးတွေလည်း ထိုအထည်ချုပ်စက်ရုံတွေမှာပင် စက်ပြင်အလုပ်လုပ်ကြသည်။ မိန်းကလေးအများစုကတော့ အထည်တွေကို မော်တာစက်တွေနှင့် ချုပ်ကြသည်။ တချို့ကျတော့ ချုပ်ပြီးသား အထည်တွေမှ ထွက်နေသော ချည်မျှင်များကို ကတ်ကြေးဖြင့် ဖြတ်ရသော အလုပ်ဖြစ်သည်။ စစ၀င်သောသူများသည် ထိုအလုပ်ကို လုပ်ကြရသည်ဟု ကြားဖူးပါသည်။ နောက်ပိုင်းမှ စက်နင်းတတ်သွားရင် အနည်းငယ်လစာပိုရပါသည်။ ထိုအထဲမှမှ ရုံးလုပ်ငန်းလုပ်ရသောသူက ပိုပြီး လစာကောင်းကြောင်း သူပြောပြပါသည်။ သူတို့၏ အလုပ်ပိတ်ရက်ဆိုတာကလည်း တနင်္ဂနွေတရက်တည်းပင်ဖြစ်သည်။ သူပြောပြတဲ့ သူ့အလုပ်အကြောင်းကို နားထောင်ရင်း ကျမ သူတို့ရဲ့ ဘ၀တွေကို စာနာမိပါသည်။
သူတို့တွေ ဒီအလုပ်မှာပျော်ရွှင်ပါ့မလားဟူသော အတွေးမျိုး ကျမတွေးကြည့်နေခဲ့သည်။ ဒီထက်မြင့်တဲ့နေရာကို တက်ဖို့အတွက် သူတို့မှာမျှော်လင့်ချက်ရှိဖို့ဆိုတာလည်း မသေချာလှချေ။ အဲဒီလို တက်နိုင်ဖို့ ပညာဆိုတဲ့အရာကလည်း မပြည့်စုံလေတော့ တချို့တွေလည်း ရလာတဲ့ဘ၀မှာပဲ ပျော်ပိုက်နေကြတော့သည်။
‘ဒါနဲ့… မင်းရဲ့ အမေကော နေကောင်းရဲ့လား’ လို့ ကျမမေးတော့
‘ဒီလိုပါပဲ ကောင်းလိုက် မကောင်းလိုက်ပဲ’ လို့ တုံးတိတိပြန်ဖြေသည်။
ကျမလည်း မေးစရာမေးခွန်း ကုန်သွားသလို ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။ ဒီတခါတော့ သူက သူ့အလှည့်ရောက်လာပြီဟု သတ်မှတ်လိုက်ပုံရကာ
‘ငါလေ မင်းနဲ့ အရမ်းတွေ့ချင်နေတာ… မင်းကိုပြောစရာစကားတွေလည်း အများကြီးပဲ… ငါရဲ့ချစ်သူနဲ့ အခုစေ့စပ်ထားတယ်။ သူက စင်င်္ကာပူမှာ အလုပ်သွားလုပ်နေတယ်။ နှစ်နှစ်လောက်ကြာမှ ပြန်ရောက်မှာ။ ငါသူ့ကိုတော့ တကယ်ပါဟာ…ငါတကယ်ချစ်ခဲ့တာ။ နောက်ပြီး သူက ငါ့အပေါ်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့တာ။ ငါသိတယ်။ ပြီးတော့ ငါလေအခု ဆယ်တန်းတုန်းက ငါတို့ကျူရှင်မှာ Guide လုပ်ခဲ့တဲ့ တယောက်ကလည်း အရင်လို ပြန်ဆက်နေတယ်။ ငါလည်း သူ့ကို ဘယ်လိုဆုံးဖြတ်ရမလဲ မသိဘူး။ ဒါပေမယ့် သူ့မှာလည်း ငါ့အပြင် နောက်တယောက်ရှိသေးတယ်။ ငါ့ကိုလည်း မပြတ်ချင်သေးဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူး။’
ကျမ သူ့စကားနားအထောင်ပြီးမှာတော့ ရင်မောသွားသည်။ အဟောင်းတွေ အသစ်တွေကြားထဲ ဗျာများနေတဲ့ သူ့ကို ကျမ နားလည်ပေးနိုင်ဖို့ အတော်ကြိုးစားရပါဦးမည်။ ကျမပြောဖြစ်တဲ့ စကားကတော့..
‘မင်းရဲ့ ချစ်သူနဲ့ စေ့စပ်ထားတယ်ဆို။ မင်းသူ့ကို တကယ်ချစ်တယ်မဟုတ်လား။ ဒါဆိုရင် ကျန်တာတွေကို ခေါင်းထဲက ထုတ်လိုက်ပေါ့ကွာ။ မင်းခုချိန်မှာ သူ့အပေါ်ကို သစ္စာရှိရှိနဲ့စောင့်သင့်တယ်။ ငါလည်း အဲဒါပဲပြောတတ်တော့တယ်’
သူ့ရဲ့ အချစ်ရေးမှာ ဝေခွဲမရဖြစ်နေတဲ့ပုံစံကိုကြည့်ရင်း အချစ်ဆိုတာ တပြိုင်နက်ထဲမှာ နှစ်ယောက်သုံးယောက်ကို ပြိုင်တူချစ်လို့ရတဲ့အရာလားဆိုတာ ကျမလည်း သူနဲ့တွေ့မှ စဉ်းစားကြည့်ရမယ့်အဖြေတခုလိုဖြစ်လာသည်။
ကျမနဲ့စကားပြောနေရင်း နာရီတကြည့်ကြည့်လုပ်နေတဲ့ သူ့ကို ‘ချိန်းထားတာရှိသေးလို့လား’ ဟု မေးလိုက်သည်။
အဲဒီတော့မှ စပ်ဖြဲဖြဲမချိုမချဉ်ရုပ်လေးနဲ့
‘ဟေ့ကောင်.. ငါလေ တကယ်လို့ မင်းမလာရင် ငါတယောက်တည်းဖြစ်နေမှာစိုးလို့ လိုရမယ်ရ အင်တာနက်ချက်တင်ကတဆင့်သိတဲ့ လူတစ်ယောက်ကို ချက်တင်ကနေစကားပြောရင်း ဒီဆိုင်ရှေ့မှာ ဆယ်နာရီခွဲချိန်းထားသေးတယ်’
သူ့စကားအဆုံးမှာတော့ ကျမကတော့ အံ့သြကုန်နိုင်ဖွယ်မရှိသော လူတယောက်ကို တွေ့ရသလို ကြည့်နေရင်းမှ ဟက်ဟက်ပက်ပက်ရယ်မောမိသည်။ လိုရမယ်ရ ဆိုသော စကားကြောင့် ကျမရယ် နေမိသည်။ တကယ့်လူပါပဲ။ အဲဒါ ကျမသူငယ်ချင်း အစစ်။ သူပြောတာကတော့ ‘မင်း အလုပ်တခုခုရှိရင် မလာနိုင်ရင် ငါ တယောက်တည်း ဖြစ်နေမှာစိုးလို့ပါ’ လို့ ပြောနေသော သူ့ကိုသာကြည့်ရင်း ရယ်နေမိ လေသည်။ ခုမှ ကျမသူဝတ်ထားသော အင်္ကျီအရောင်ကို သတိထားမိလေသည်။ အနက်ရောင် အင်္ကျီလေးနဲ့ ဒီကနေ့မှ ကျမလည်း အနက်ရောင်အင်္ကျီလေးနဲ့ ဖြစ်နေသည်။ ပြီးနောက် နာရီကို တချက်ကြည့်လိုက်တော့ ဆယ်နာရီခွဲနေပြီ။
‘မင်းပြောတဲ့ လူကို သွားကြည့်လိုက်ဦးလေ… ရောက်နေလောက်ပြီထင်တယ်’
‘ဒါဆို ခဏနော်…’ ဟုဆိုကာ ထွက်သွားသော သူ့ကိုကြည့်ရင်း သူ့ဒုက္ခကလည်းမသေးလှဟု တွေးနေမိသည်။
‘ရောက်နေပြီ…အပြင်မှာ အင်္ကျီအဖြူနဲ့ အ၀ါအစင်းကြားနဲ့မတ်တပ်ရပ်နေတယ်… နေပါစေ စောင့်ပါစေ။’
စားပွဲဆီသို့ ပြန်ရောက်လာပြီး စိတ်ရှုတ်နေဟန်ဖြင့်ပြောနေသော သူ့ကိုကြည့်ရင်း
‘မင်း အင်တာနက်ထဲမှာသိပြီး အပြင်မှာ သူနဲ့တွေ့တာ ဘယ်နှစ်ခါရှိပြီလဲ’ ဟု ကျမမေးလိုက်သည်။ ဒီတခါတော့ ကျမမေးခွန်း မမှားကြောင်း သူ့အဖြေက သက်သေပြလျှက်ရှိသည်။
‘နှစ်ခါတည်းပါ’ ဟု ဖြေပါသည်။
ကျမနောက်ထပ်မေးခွန်းတခုကို မေးလိုက်ပြန်သည်။
‘တခြား ဘယ်နှစ်ယောက်ကိုလဲ အင်တာနက်ကနေသိပြီး အဲဒီလိုမျိုး အပြင်မှာ တွေ့ဖူးပြီလဲ…ပြောပါဦး…’
သူက ရယ်ကျဲကျဲနဲ့ ‘သူနဲ့မှ နှစ်ယောက်တည်းရှိပါသေးတယ်’ လို့ပြန်ဖြေပါသည်။ ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မျိုးမှာတွေ့ဖြစ်တာ ဖြစ်သည်လို့ ပြောပါသည်။ အရင်တွေ့တဲ့လူအကြောင်း သူပြောတာက
‘အင်တာနက်မှတဆင့်သိပြီး အခုလိုပဲ အပြင်မှာဆုံဖို့ ချိန်းတဲ့အခါ ချိန်းထားတဲ့နေရာကို ငါလည်းရောက်ကော ဘေးကိုကြည့်လိုက်တော့ အဲဒီနားက ၀က်သားဒုတ်ထိုးဆိုင်မှာ ၀က်သားဒုတ်ထိုးစား နေတဲ့ ရုပ်ဆိုးဆိုးနဲ့ လူကြီးက ချက်တင်မှာတဆင့် ချိန်းတဲ့နေ့မှာ သူဝတ်လာမယ့် အင်္ကျီအရောင်နဲ့ ဘောင်းဘီအရောင်က ၀က်သားဒုတ်ထိုးဆိုင်မှာစားနေတဲ့ လူဝတ်ထားတဲ့ အင်္ကျီအရောင်နှင့် ဘောင်းဘီ အရောင်ဖြစ်နေတယ်ဟ။ အင်္ကျီအဖြူ အနက်အကြားနဲ့ ဘောင်းဘီက အသားရောင် ဘောင်းဘီနဲ့ ဒါနဲ့ ငါလည်း အဲဒီလူကြီးတော့ မဖြစ်ပါစေနဲ့လို့ ကျိတ်ဆုတောင်းနေရာက အဲဒီလူကြီးက ၀က်သားဒုတ်ထိုးဆိုင် ကနေ ငါကိုလည်းမြင်သွားရော အတင်းလာခေါ်တော့ ငါလည်း အဲဒီလူကို လမ်းကြုံလို့ ဒီနားကို ခဏ၀င်လာခဲ့တာ။ အခုသွားစရာလေးရှိလို့ သွားလိုက်ပါဦးမယ်ဆိုပြီး ကားဂိတ်ကို ပြေးတာပေါ့။ အဲဒီလူကြီးကနောက်ကနေ ပန်းသီးတွေထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်ထုပ်ကြီးဆွဲပြီး ကွတကွတနဲ့ ပြေးလိုက်လာတာ ကားတစီးပေါ်တက်ရင်း လှမ်းမြင်လိုက်ရတယ်’ လို့ ရယ်ပြီးပြောပြနေသဖြင့် ကျမလည်း ပြုံးမိပါသည်။
ကျမလည်း သူ့စကားအဆုံးမှာတော့ နင်ဘာဖြစ်လို့ အဲဒီလိုတကယ်မတွေ့ချင်ဘဲနဲ့ ချိန်းရတာလဲလို့ မေးမိပါသည်။
‘သူက ချောချောလေးဆိုရင်တော့ ငါလည်းတွေ့မလို့ပါ။ ငါလည်း ပျင်းလို့ အဲဒီလိုချိန်းလိုက်တာပါ’ ဟုပြောလာပါသည်။ သူက အလှအပမက်တာလည်း အရင်ကလိုပင်ဖြစ်သည်။ ကျမလည်း သူ့ပြောသမျှကို ထူးပြီးအံ့သြဟန်မပြတော့ပါ။
‘တော်သေးတာပေါ့  အလုပ်များနေလို့ အလုပ်သာမများရင် မင်းကတော့ မလွယ်လှဘူး… ပိတ်ရက်တရက်ကလေးရှိတာကိုတောင် အကျိုးရှိရှိအသုံးချလိုက်တာပေါ့လေ’  ဟု လူကြီးတယောက်က ကလေးတယောက်ကို ဆုံးမနေသလိုမျိုး ခပ်တည်တည်နဲ့ ပြောလိုက်သည်။ တကယ်တော့ သူမက ကျမထက် အသက်ကြီးပါသည်။ ကျမအဲဒီလို ပြောတော့လည်း ဘာမှပြန်မပြောဘဲ ရယ်၍သာ နေတော့သည်။
သူမက ကျမအား ‘ငါ့အကြောင်းတွေချည်းပြောနေတာ။ မင်းအကြောင်းလည်း ပြောပြဦးလေ’ ဟုဆိုလာပါသည်။
ကျမတချက်ပြုံးလိုက်ပြီး ‘ငါ့အကြောင်းကတော့ မင်းစိတ်ဝင်စားမယ့်အကြောင်းတွေမရှိပါဘူး’ ဟု ဆိုလိုက်ပြီး အပြင်မှာစောင့်နေတဲ့ လူကို ထွက်တွေ့လိုက်ဖို့ ကျမပြောလိုက်မိသည်။ ပြီးတော့
‘မင်းအားမယ့် တနေ့လောက် ထပ်တွေ့ကြတာပေါ့။ ငါပြန်တော့မယ်။ ဘာပဲဖြစ်ဖြစ် မင်းနဲ့ အခုလိုပြန်ဆုံရတာ ၀မ်းသာတယ်။ ပြီးတော့ မင်းရယ်တာကို ငါမမြင်ရတာ ကြာပေမယ့် အရင်အတိုင်းပဲ။ အဲဒီအတွက်လည်း ငါတော့ အရမ်းဝမ်းသာတာပဲ။  မင်းရဲ့ ဘ၀လက်တွဲဖော်အပေါ်မှာလည်း တကယ်ချစ်တယ်ဆိုရင် တခြား ယောက်ျားလေးတွေကို အပျော်သဘောပဲဖြစ်ဖြစ်၊ အပျင်းပြေပဲဖြစ်ဖြစ် မကစားပါနဲ့တော့ဟာ။ မင်းမှာလေ အဲဒီအကျင့်ကလေးသာမရှိရင် မင်းရဲ့ ပွင့်လင်းပြီး ရိုးသားဖြူစင်တာတွေ ပိုပြီးတောက်ပြောင်လာမှာပဲ’
သူက ကျမပြောတာတွေကို နားလည်တာတ၀က် နားမလည်တာတ၀က် ရှိပုံရသည်။ သူ့ပုံစံက အူတူတူနဲ့ဖြစ်နေသည်။ ကျမလည်း သူ့ပုံစံကိုကြည့်ကာ တချက်ရယ်လိုက်ရင်း …
‘ကဲ ငါပြန်တော့မယ်နော်…နောက်မှဆက်ပြောတာပေါ့’ ဟုပြောပြီး ဆိုင်ထဲမှ ကျမထထွက်ဖို့ ပြင်တော့ သူလည်းလိုက်မယ်ဆိုကာ အတူတူဆိုင်ပြင်ထွက်ခဲ့လေသည်။ အပြင်ရောက်တော့ လည်ပင်း ညောင်ရေအိုးဖြစ်နေသော ကိုယ်တော်ချောအား သူမက သွားနှုတ်ဆက်လေသည်။ ကျမကိုလည်း အတင်းဆွဲခေါ်သွား၍ ထိုသူနဲ့ မိတ်ဆက်ပေးလေသည်။ ကျမလည်း အလိုက်သင့်ပြုံးပြရင်း စိတ်ထဲမှာ မွန်းကြပ်လာသလိုခံစားမိသည်။ ကျမ သူတို့နှစ်ဦးစလုံးကို နှုတ်ဆက်ပြီး သူတို့ရှေ့မှ ထွက်လာခဲ့လေသည်။
အပြန်လမ်းမှာတော့ ကျမကားမစီးဖြစ်ပေ။ လမ်းလျှောက်ရင်း အတွေးတွေက ဟိုတစ သည်တစ ပြန့်ကျဲလျှက်။

တနေ့နေ့တချိန်ချိန်မှာ ချစ်မြတ်နိုး၍ လက်ထပ်ရမယ့်သူရှိရက်နဲ့ သူမဟာ တခြားသူတွေကို ဒဏ်ရာတွေများပေးနေရော့သလား။ အဲဒီတခြားသူတွေဆိုတာကော သူမအပေါ်မှာ ကျမထင်သလို တကယ့်ရင်ထဲကလာတဲ့မေတ္တာစိတ်နဲ့ ချဉ်းကပ်ကြတာလားဆိုတာ ကျမလည်း သေချာမပြောတတ်ချေ။ ဒါမှမဟုတ် သူတို့တွေကကော အပျော်သဘောသက်သက်နဲ့ပဲ အပျင်းပြေကစားကြတာလားဆိုတာတွေကို စဉ်းစားရင်း စဉ်းစားရင်းနဲ့ အသက်ရှူကြပ်လာပါသည်။ ဘယ်အရာမဆို သူ့ဟာနဲ့သူ အံဝင်ခွင်ကျရှိနေ တတ်တာမျိုးလားဆိုသော အတွေးကိုကျမတွေးမိသည်။
ကျမသာ အားလုံးနဲ့ ဆန့်ကျင်ပြီး အံမ၀င်ခွင်မကျဖြစ်နေတာမျိုးဖြစ်နိုင်ပါသည်။ ထို့သို့သော အဖြေမသိနိုင်သော ပုစ္ဆာများကို ကျမတွက်နေခဲ့မိသည်။ ထိုအဖြေမသိနိုင်သော ပုစ္ဆာများက ကျမရဲ့ စိတ်ကို မွန်းကျပ်လာစေပါသည်။ ကျမကပဲ အတွေးခေါင်လွန်းနေမိပြီလား မသိပါ။ ဒါတွေက မထူးဆန်း သော ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေပဲလား ကျမ မသိတော့ပါ။ တော်ပြီ အဲဒီအကြောင်းအရာတွေ မစဉ်းစားတော့ဘူး။
အဲဒီအကြောင်းအရာတွေ မောင်းထုတ်လိုက်တော့ သူမနဲ့ပတ်သက်ပြီး နောက်အကြောင်းအရာ တခု ၀င်လာပြန်ပါပြီ။ သူမနဲ့ မတွေ့ဖြစ်တာ ခြောက်နှစ်ကျော်ကာလအတွင်း ယခင်ကလိုပင်မပြောင်းလဲဘဲ ရင်ဖွင့်စရာဆိုတာက သူ့ရဲ့ချစ်သူရည်စားကိစ္စများပင်ဖြစ်သည်။ ကျမဆက်တွေးမိတာက နောက်ခြောက်နှစ်ဆိုတဲ့ အချိန်ကာလတခုပြီးရင်ကော သူရင်ဖွင့်စရာ စကားတွေက ဘယ်အကြောင်းအရာတွေဖြစ်နေမလဲ ဆိုတာ ကျမသိချင်မိပါသည်။


No comments:

Post a Comment