Friday, December 17, 2010

ကျနော်မုန်းတဲ့ အရက်



ကျနော်အသက် ၁၀နှစ်ဝန်းကျင်လောက်ကစပြီး အရက်သောက်တဲ့သူတွေကို  ကြောက်ရွံ့မုန်းတီးစရာအဖြစ် မြင်ခဲ့မိတယ်။ အရက်သောက်တဲ့သူတွေနဲ့ ပတ်သက်ပြီး အဲဒီ မုန်းတီစိတ်ကို စတင်ဖြစ်ပေါ်စေတဲ့ တနေ့ပေါ့။ ကျနော်ကလေးဘ၀မှာ အဲဒီအရက်ကြောင့် စိတ်ဒဏ်ရာ ရတဲ့နေ့။ အခုထိလည်း မမေ့နိုင်ခဲ့သေးဘူး။
အဲဒီနေ့က မေမေနဲ့ ကျနော့် ဖိုးဖိုးတို့အိမ်ကို အသွား… လမ်းမှာ ကျနော်နဲ့ရွယ်တူ ကောင်မလေးတယောက်ကို နဖူးမှာ သွေးသံတရဲရဲနဲ့ မြင်လိုက်ရတယ်။ မျက်ရည်တွေရယ် သွေးတွေရယ် ပေကျံနေတဲ့ သူ့ရဲ့မျက်နှာတပြင်လုံးကို ကျနော်ထိတ်ထိတ်လန့်လန့် ကြည့်နေမိတယ်။ ပြီးတော့ အနားမှာရှိတဲ့ မေမေ့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်းပေါ့။ အဲဒီကောင်မလေးကို သူ့ရဲ့မေမေက ကုန်းပိုးပြီး ကျနော့် ဖိုးဖိုး အိမ်ကို အပြေးသွားနေတာလေ။ ထိုစဉ်ခါတုန်းက ကျနော်ရဲ့ ဖိုးဖိုးက ကျနော်တို့ရွာမှာ ကျန်းမာရေး ဆေးမှူးလေ။ မဖွံ့ဖြိုးသေးတဲ့ ကျနော်တို့ရွာလေးမှာ ဆေးမှူးကိုသာ အားကိုးနေရတာကိုး။ ဆရာဝန်၊ သူနာပြုလည်းမရှိ။ ဆေးခန်းလည်း မရှိခဲ့ပါ။ ရောဂါပြင်းပြင်းထန်ထန်ဆို ရွာနဲ့ ခြောက်မိုင်လောက်ဝေးတဲ့ မြို့ကို သွားရတယ်။
 
အဲဒီတုန်းက ကျနော့် ဖိုးဖိုးဆီကို အပြေးသွားနေတဲ့ စိုးရိမ်ပူပန်နေတဲ့ မိခင်တယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို မြင်ခဲ့ရတယ်။ သူ့အဖေကကော…ဘာလုပ်နေပါ့လိမ့်လို့ ကျနော်တွေးနေမိတာပေါ့။ ပြီးတော့ ကျနော်နဲ့ ရွယ်တူအဲဒီမိန်းကလေးကိုကြည့်ရင်း ကျနော်စိတ်မကောင်းလိုက်တာ။ သူငိုနေတာကိုကြည့်ရင်း ကျနော်မျက်ရည်ဝဲခဲ့ရတယ်။ ဒဏ်ရာကြောင့် သူသိပ်နာနေမလားဆိုတဲ့ အတွေးနဲ့ပါ။ တကယ်တော့ သူ အရမ်းနာကျင်မှာပါ။ သူ့နဖူးက ဒဏ်ရာက နည်းတဲ့ဒဏ်ရာမှ မဟုတ်တာပဲ။ ကျနော်ဆို သူ့လို ကြိတ်ပြီး ရှိုက်ငိုနေမှာ မဟုတ်ပါဘူး။ အကျယ်ကြီး ငိုမိမှာ။ ဒီလောက် နာကျင်နေတာကို ကြိတ်ပြီးငိုရှိုက်နေတဲ့သူ့ကို ကြည့်ရင်း ကျနော် ၀မ်းနည်းမိတယ်။
ဖိုးဖိုးတို့အိမ်ရောက်တော့ ဖိုးဖိုးက သူ့ဒဏ်ရာကိုကြည့်ပေးတယ်။ သွေးတွေနဲ့ နီရဲနေတဲ့ မျက်နှာတပြင်လုံးကိုလည်း သန့်စင်ပေးနေတယ်။ ပြီးတော့ ဖိုးဖိုးက သူ့မေမေကို ကလေးက ဘယ်လိုဖြစ်တာလဲလို့မေးတာကြားရတယ်။ ဒီမေးခွန်းကို ကလေးဖြစ်တဲ့ ကျနော်က သိပ်သိချင်နေတာပေါ့။ သူဘာကြောင့် ဒီလိုဖြစ်လဲ ကျနော် အရမ်းကို သိချင်မိပါတယ်။ ဒါပေမယ့် ကလေးဆိုတော့ လူကြီးတွေရဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး မေးခွန်းမထုတ်ရဲလို့ပါ။ ခုတော့ ကျနော်သိချင်တဲ့ မေးခွန်းကို ဖိုးဖိုးက မေးပါတယ်။
ကောင်မလေး မေမေထံမှ ခက်ခက်ခဲခဲ အားထုတ်ပြီးပြောလိုက်တဲ့ စကားသံထွက်ပေါ်လာပါတယ်။ သူပြောလိုက်တာက ‘သူ့အဖေအရက်မူးလာပြီး ကျမနဲ့ ရန်ဖြစ်စကားများရာကနေ အုတ်ခဲကျိုးနဲ့ ကျမကိုပစ်လိုက်တာ ကလေးက ပြေးဝင်လာတော့ ကလေးကို အဲဒီအုတ်ခဲကျိုးက မှန်သွားတာ’ တဲ့။ ကျနော်လေ အဲဒီအဖြေကို ကြားလိုက်တော့ အဲဒီအရက်သောက်တဲ့လူကြီးကို မုန်းလိုက်တာ။ ပြီးတော့ ကျနော်နဲ့ ရွယ်တူ ကောင်းမလေးကိုလည်း ပိုသနားမိတယ်။ သူရဲ့ နဖူးကဒဏ်ရာက နာကောင်းနာပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ ရင်ထဲက ဒဏ်ရာကတော့ အဆမတန်ပိုနာလိမ့်မယ်ဆိုတာ ကျနော်ကိုယ်ချင်းစာကြည့်မိသည်။ သူ့ရဲ့နဖူးက ဒဏ်ရာအမာရွတ်က ပျောက်ကောင်းပျောက်နိုင်ပါလိမ့်မယ်။ သူ့ရင်ထဲက ဒဏ်ရာကတော့ ပျောက်နိုင်ပါ့မလား။ အဲဒီအရက်ဆိုတဲ့ အရာကြောင့် မိသားစုအဆင်မပြေဖြစ်ရသလို သားသမီးတွေခမျာလည်း မြေစာပင်ဖြစ်ခဲ့ရတယ်။
အဲဒီနေ့က ကျနော်နဲ့ မေမေ ဖိုးဖိုးအိမ်ကနေပြန်လာခဲ့ပေမယ့် ကျနော့်စိတ်ထဲမှာ အဲဒီကောင်မလေးအကြောင်းကို တွေးလာခဲ့မိတယ်။ ပြီးတော့ မေမေ့ကိုလည်း ကျနော်မေးခွန်းတခုမေးခဲ့တယ်။
‘မေမေ…ဖေဖေကော အရင်က အရက်သောက်လားဟင်’
ကျနော်ဘာကြောင့်မေးတယ်ဆိုတာ မေမေက နားလည်ပါတယ်ဆိုတဲ့ အပြုံးနဲ့ ကျနော်မေးတာကို ပြန်ဖြေခဲ့တယ်။
‘မေမေနဲ့ အိမ်ထောင်ကျခါစကတော့ သမီးဖေဖေက အရက်သောက်တယ်။ နောက်ပိုင်း သမီးလေးလူ့လောကထဲရောက်လာတော့ မသောက်တော့ဘူး’ လို့ မေမေဖြေတော့ ကျနော်ဖေဖေ့ကို ကျေးဇူးတင်လိုက်တာ။ ဟုတ်ပါတယ်။ ကျနော် မှတ်မိတဲ့ အရွယ်ကစလို့ ဖေဖေအရက်သောက်တာ ကျနော် မတွေ့ဖူးခဲ့ပါ။
          ကျနော် ၁၀နှစ်အရွယ်ကလေးဘ၀ကတည်းက အရက်ကြောင့် ခံစားရတဲ့ စိတ်ဒဏ်ရာဟာ ကျနော့်ကို ခုချိန်ထိ တခါတလေမှာ လာရောက်ခြောက်လှန့်နေတုန်းပဲ။
          နောက် ကျနော်တက္ကသိုလ် ပထမနှစ်တက်စဉ်မှာ ကျနော်မေ့ထားခဲ့တဲ့ ဒဏ်ရာက တခါပြန်သတိရလာစေတယ်။ ကျနော် ပထမနှစ်တက်တော့ ကျနော်ယူတဲ့ မေဂျာမှာ နားမလည်တဲ့ ဘာသာရပ်နှစ်ခုကို ကျူရှင်တက်ရတယ်။ ကျူရှင်က ကျနော်တို့နေရာနဲ့ တနာရီခွဲလောက်ကားစီးပြီး သွားရတဲ့ ရန်ကုန်မြို့ကို လာတက်ရတယ်။ အဲဒီနေ့က ကျနော့်သူငယ်ချင်းတွေ ကျူရှင်မတက်ဖြစ်တော့ ကျနော်တယောက်တည်း ကျူရှင်ကိုသွားတက်ဖြစ်တယ်။ ကျူရှင်က ပြန်လွှတ်တော့ ညနေငါးနာရီခွဲလောက်ရှိနေပြီ။ ကျနော်ကားစီးရမယ့်နေရာရောက်တော့ မှောင်နေပြီ။ ကျနော်လည်း အသင့်ရှိတဲ့ ကားတစီးပေါ်တက်လိုက်တယ်။ ကျနော်တို့စီးရတဲ့ကားက ဟိုင်းလတ်ကားလေးတွေ။ ကားရဲ့ဘေးတန်းနှစ်တန်းအပြင် အလယ်မှာလည်း ခုံပုလေးတွေချပြီး လူတင်သေးတယ်လေ။ အဲဒီတော့ တယောက်နဲ့ တယောက် နီးနီးကပ်ကပ်နဲ့ ကျပ်ကျပ်သိပ်သိပ်စီးရတာပါ။ ပြီးတော့ နေညိုချိန်ဆိုတော့ ကျနော်မုန်းတဲ့ အရက်နံ့တွေကလည်း တထောင်းထောင်းနဲ့ပေါ့။ ကျနော်တို့စီးတဲ့ကားက စထွက်တော့ လေအနည်းငယ်ဝင်လာတော့ ခုနကလို အနံ့တွေ သိပ်မနံတော့။
ကားဆရာက ကျနော်တို့ထိုင်နေတဲ့ နောက်ခန်းကို မီးဖွင့်ပေးတော့ ကျနော်လည်း ကားပေါ်မှာပါတဲ့သူတွေကို တချက်ဝေ့ကြည့်လိုက်မိတယ်။ ကျနော်နဲ့ မျက်နှာချင်းဆိုင်မှာ ပုံမှန်မဟုတ်တဲ့ လူကြီးတယောက် ထိုင်နေတယ်။ အရက်အလွန်အကျွံသောက်ထားပုံရပြီး သူ့မျက်လုံးတွေက နီရဲပြီး မျက်နှာကလည်း အဆီပြန်ပြီး ဖောင်းဖောင်းအစ်အစ်နဲ့။ ကျနော် အကြည့်ကိုချက်ချင်းလွဲလိုက်မိတယ်။ ပြီးတော့ ကျနော် မျက်စိမှိတ်ပြီး လိုက်လာခဲ့တယ်။  
ကျနော်ကြောက်တယ်။ ကျနော့်ရဲ့ အရက်သမားတွေကို ကြောက်တဲ့စိတ်က ခုချိန်ထိ ကျနော့်ကို လွှမ်းမိုးနေတုန်းပဲ။ အဲဒီလူကြီးရဲ့ ဘေးနားမှာပါလာသော သူ့မိန်းမဖြစ်ဟန်တူသော အမျိုးသမီးကို မကြားဝံ့၊ မနာသာတွေ ပြောနေလိုက်တာ။ ကျနော် မျက်စိမှိတ်ထားပေမယ့် နားမှ ပိတ်မထားခဲ့တာ။ ကျနော် ကားပေါ်မှ ပြန်ဆင်းရင် ကောင်းမလားလို့ ခဏခဏတွေးမိတယ်။ ဒါပေမယ့် ကားမှတ်တိုင်တွေက တခုနဲ့တခု အလှမ်းဝေးသလို လူလည်း ပြတ်တော့ ကျနော် ကားပေါ်မှ မဆင်းရဲပါ။ ကျနော် အဲဒီလူကြီးရဲ့ အမျိုးသမီးအတွက် စိတ်မကောင်းဖြစ်မိတယ်။
ကျနော်အဲဒီကတည်းက အရက်သောက်တဲ့သူဆိုရင် ဆင်ခြင်တုံတရားမရှိတော့ဘူးဆိုတဲ့ အမြင်မျိုး ကျနော်မှာရှိခဲ့တယ်။ ဒါဟာ မှန်သလား မှားသလား ကျနော်မသိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေ အရက်ကြောင့် မလိုလားအပ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုပြဿနာ တွေကြုံနေကြရတယ်။ အဲဒီကတဆင့် ကလေးတွေကိုပါ ဆိုးကျိုးဖြစ်ပေါ်စေခဲ့တယ်လို့ ကျနော် စာတွေဖတ်ပြီး ပိုသိလာရတယ်။ တကယ်တော့ စာဖတ်ရတယ်ဆိုတာထက် ကျနော်ငယ်ငယ်က ကြုံခဲ့ဖူးရတာကလည်း တကယ့်လက်တွေ့ပင်ဖြစ်သည်။
ကျနော် ခုချိန်ထိ အရက်ကို အကောင်းဘက်ကနေ တွေးကြည့်လို့မရနိုင်သေးပါဘူး။ အရက်အလွန်အကျွံသောက်တဲ့သူတွေမှာ အဓိက အသည်းခြောက်ရောဂါဖြစ်ပြီး အသည်းပျက်စီးတယ်လို့ ကျနော်ကြားဖူးခဲ့တယ်။ ကျနော် အရက်မသောက်ပေမယ့် ကျနော်မုန်းတဲ့ အရက်က ကျနော့်အသည်းကို ယူသွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့....။

2 comments:

  1. ပို့ စ်လေးကကောင်းပါတယ်။
    အရက်ကနေရာတိုင်းမှာမကောင်းတာတော့မဟုတ်ပါဘူး။
    သောက်တဲ့ သူတွေကဆင်ခြင်တုံတရားမရှိတာပါ။
    အရက်ကိုဆေးအဖြစ်သုံးရင်ဆေးဖြစ်သလို အလွန်အကျွံ သောက်ရင်တော့ ပို့ စ်ထဲကလိုဆိုးကျိုးတွေဖြစ်ပေးစေပါတယ်။
    အရာရာတိုင်းကတော့အကောင်းအဆိုးဒွန်တွဲနေတတ်စမြဲပါဘဲ။
    အကောင်းအဆိုးတွဲနေတတ်တဲ့  အရာတိုင်း ကို ကို ယ့်အသိဥာဏ်ပေါ်မူတည်ပြီး ကောင်းတဲ့ ဘက် ကောင်းတဲ့ ရောရာမှာ အသုံးချတတ်ဖို့ က အရေးအကြီးဆုံးပါဘဲ။

    ReplyDelete
  2. ညီမငယ်ရေ... ညီမလေးရေးလိုက်တဲ့ ပို့စ်လေးက အရမ်းကောင်းပါတယ်.. အစ်ကိုလဲ စာမေးပွဲတွေနဲ့ ရှုပ်နေလို့ ခုမှပဲဖတ်ဖြစ်တော့တယ်..အရက်ဆိုတာ ဘယ်နေရာမှာမှ ကောင်းကျိုးမပေးတဲ့အရာတစ်ခုလို့ ပြောလို့ရပါတယ်.. ဒါကြောင့် အကိုတို့ မြတ်စွာဘုရားက တားမြစ်ခဲ့တာပေါ့.. မိသားစုတစ်ခုမှာ အရက်သောက်တဲ့သူတစ်ယောက်ပါလာပီဆိုရင် အဲ့မိသားစုမှာ ပြဿနာတစ်စုံတစ်ခုတော့ တတ်နေတတ်တယ်.. အစ်ကိုတို့ မိသားစုလဲ အပါအ၀င်ပေါ့.. အဲ့ဒဏ်ကို အလူးအလဲ ခံခဲ့ဘူးလို့ အရက်ဆိုရင် အစ်ကိုလဲ သေလောက်အောင်ကို မုန်းမိပါတယ်.. အရက်သေစာကို ရှောင်နိုင်ရင် ခုဘ၀အတွက်လဲ ကောင်းသလို နောင်သသံရာ အတွက်လဲ ကောင်းပါတယ် ညီမငယ်ရေ.. ညီမလေးရဲ့  ဒီပို့စ်လေးကို ဖတ်မိသူတွေ အနည်းဆုံးတော့ အသိတရားရကြမယ်ထင်ပါတယ်.. ဒီပို့စ်လေးအတွက် ကျေးဇူးပါ..

    ReplyDelete