Sunday, January 9, 2011

သူငယ်ချင်းသို့....အမှတ်တရ




ဒီလထဲမှာ ကျနော့်သူငယ်ချင်း ပုရွက်ဆိတ်ကလေးရဲ့မွေးနေ့ရှိတယ်။ ဒါကြောင့်ထင်ပါရဲ့။ အခုတလော ပုရွက်ဆိတ်ကလေးနဲ့ ပတ်သက်ပြီး အရင်ကအကြောင်းတွေ သတိရရနေမိတယ်။ သူက ကျနော့်အပေါ်မှာ အမြဲသည်းခံတတ် အနစ်နာခံတတ်တဲ့သူငယ်ချင်း ပြီးတော့ ကျနော့်ကို သူငယ်ချင်းထက်ပိုတဲ့ ချစ်ခြင်းတွေနဲ့ ချစ်တဲ့သူတယောက်။ 
ကျနော်ကတော့ သူ့အပေါ်မှာ ဆိုးနွဲ့ဗိုလ်ကျနေကျ။ ကျောင်းတုန်းကဆိုရင် သူ့အပေါ် ခဏခဏ စိတ်ကောက်တတ်တဲ့ ကျနော့်ကို ကလေးဆိုးလေးလို့ပြောတတ်ပြီး သည်းခံခွင့်လွှတ်တတ်တဲ့ သူငယ်ချင်း။ သူငယ်ချင်းတွေအားလုံးထဲမှာ ဘယ်သူ့ကိုအခင်ဆုံးလဲလို့ ခဏခဏမေးတတ်တဲ့ ကျနော့်ကို “အားလုံးကို အတူတူခင်ပါတယ်ကွာ”လို့ ပြန်ဖြေတိုင်း စိတ်ကောက်တတ်တဲ့ ကျနော်။ နောက်ဆုံး သူက “စ တာပါကွာ။ မင်းကို အခင်ဆုံးပါ” လို့ပြန်ချော့တတ်တယ်။
သူနဲ့ကျနော် ဘတ်စ်ကားအတူတူစီးရတိုင်း သူ့ပခုံးကိုမှီပြီး အိပ်တတ်တဲ့ကျနော်က ကျနော့်ထက် အရပ်နိမ့်သောသူ့ကို “အရပ်နိမ့်တဲ့သူတွေနဲ့ သူငယ်ချင်းဖြစ်ရတာ မကောင်းပါဘူးကွာ… အရပ်မြင့်တဲ့ သူတယောက်တော့ ရှာဦးမှ…” လို့ ကျနော်သူ့ကို အမြဲစနောက်မိတယ်။ သူက ကျနော်အမှုမဲ့ အမှတ်မဲ့ ပြောလိုက်တဲ့ စကားလေးတခွန်းကအစ အဟုတ်ကြီးထင်မှတ်ကာ တယောက်တည်းကြိတ်ဝမ်းနည်း နေတတ်သူ။
တခါသားက ကျနော်ကျောင်းကိုရောက်တော့ အတန်းကို အရင်ဆုံးရောက်တဲ့သူ့ကို ကျနော်နှုတ်ဆက်တော့ သူ့ဆီမှ ဘာတုံ့ပြန်မှုမှပြန်မလာခဲ့။ ကျနော်လည်း ဘာဖြစ်နေပါလိမ့်ဆိုတဲ့ အတွေးနဲ့ပေါ့။ သူ့အိမ်မှာများ ကိစ္စတခုခုရှိလေမလား၊ ဘာများအဆင်မပြေစရာ စိတ်ညစ်စရာတွေများ ရှိနေမလားဆိုတဲ့ အတွေးနဲ့ ကျနော်သူ့ကို အမျိုးမျိုးမေးမိတယ်။ ဘယ်လိုပဲမေးမေး ကျောက်ရုပ်တရုပ်လို ထိုင်နေတဲ့သူ့ကို စိတ်ပျက်မိတာတော့ အမှန်။ တရက်ပြီး တရက်… ဘယ်လိုမေးမေး စကားပြန်မလာ။ ကျနော်လည်း သုံးရက်မြောက်နေ့တွင်တော့ “ဒီလောက်တောင်ဖြစ်လှတာ…မခေါ်လည်းနေပေါ့…” လို့တွေးပြီး သူ့ကို မသိသလိုနေမိလိုက်တယ်။ သူနဲ့မခေါ်ဖြစ်တဲ့ တပတ်အတွင်းမှာတော့ ကျနော့်အတွက် တော်တော့်ကို ခြောက်ခြောက်ကပ်ကပ်နိုင်လှတဲ့ နေ့ရက်တွေပါပဲ။
နောက်တပတ် ကျောင်းပြန်ဖွင့်တော့ အတန်းထဲမှာဝင်ထိုင်လိုက်တယ်ဆို သူ့ဆီက စကားသံကြားရတယ်။ ကျနော်လည်း ၀မ်းသာသွားမိတယ်။ ဒါပေမယ့် ဟိုတပတ်က မခေါ်ဘဲနေတဲ့သူ့ကို သိပ်တော့မကြည်။ “ပြောပါဦး…ဟိုတပတ်က ဘာဖြစ်လို့မခေါ်တာလဲ…” လို့ ကျနော်မေးတော့ သူပြန်ဖြေ လိုက်တဲ့အဖြေက စိတ်တိုချင်စရာ။ သူပြောတာက “ဗေဒင်က သူငယ်ချင်းနဲ့ တပတ်မခေါ်ရဘူးလို့ ဟောထားလို့”  တဲ့။ ငိုရခက် ရယ်ရခက် သူ့အဖြေကြောင့် အဲဒီတုန်းက ကျနော်စိတ်ဆိုးမိသေး။ သူ့လို တပတ်တော့မကြာ။
နောက်ပိုင်း ကျနော်တို့တွေ ကျောင်းတွေပြီးသွားကြတော့ အရင်လိုနေ့စဉ်မဆုံဖြစ်ကြတော့။ အလုပ်တွေကိုယ်စီနဲ့ အရင်လို မလွတ်လပ်ကြတော့။ ဒါပေမယ့် ကျနော့်မှာ ၀မ်းနည်းစရာပဲရှိရှိ ပျော်စရာပဲရှိရှိ သူ့ကိုဖုန်းဆက်ပြီး လှမ်းပြောနေကျ။ တခါတလေ ကျနော်နေမကောင်းဖြစ်ရင်လည်း ကျနော်နဲ့အနီးဆုံးမှာရှိတဲ့ သူ့ကိုပဲလှမ်းပြောဖြစ်တယ်။ အဲဒီအခါမျိုးမှာ အလုပ်မအားတဲ့ကြားက ကျနော် အတွက်စိုးရိမ်ပူပန်ပြီး လာကြည့်တတ်သေးတယ်။ ဆေးသောက်ကြောက်တဲ့ကျနော့်ကို ဆေးသောက်ဖို့ မတည့်တာတွေ မစားဖို့ တဖွဖွပြောရင်း ကလေးတယောက်ကို စိုးရိမ်သလိုမျိုး စိုးရိမ်တတ်ပြန်တယ်။
အဲ…ပုရွက်ဆိတ်ကလေးက ကျနော့်ဖေဖေနဲ့မေမေကိုလည်း ကျနော်ခေါ်သလို ဖေဖေနဲ့မေမေပဲ ခေါ်သဗျ။ ပြီးတော့ ဖွားဖွားတို့ကိုလည်း ဒီအတိုင်းပဲ။
အခုဆိုရင် ကျနော်နဲ့သူတွေ့ဖြစ်ရင် ကျနော်က ကျောင်းတုန်းကလိုမဟုတ်တော့တဲ့အကြောင်း ပြောင်းလဲလာတဲ့ အကြောင်း သူပြောတတ်တယ်။ အရင်ကလို စိတ်ခဏခဏ မကောက်တတ်တော့ တာတော့ ကျနော်ကိုယ်တိုင်ဝန်ခံပါတယ်။ စိတ်ကောက်ရင်လည်း မချော့တတ်တဲ့သူနဲ့ အနေများလာလို့ ထင်ပါရဲ့။ အဟဲ။
ကျနော့်ရဲ့ ဂျီကျမှုတွေကို မငြီးငြူဖူးတဲ့ ပုရွက်ဆိတ်လေး၊ ကျနော့်အပေါ် အကောင်းမြင်တတ်တဲ့ ပုရွက်ဆိတ်လေး၊ ကျနော်အတွက် အရာရာကိုစိုးရိမ်ပူပန်ပေးတဲ့ ပုရွက်ဆိတ်ကလေး… ဒီလထဲမှာ ကျရောက်တဲ့ မွေးနေ့လေးမှာပျော်ရွှင်ပါစေနော်။

No comments:

Post a Comment