Thursday, January 13, 2011

ဘယ်မှာ နောက်လိုက်လုပ်မလဲ - မောင်ဝံသ


အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်တွေက လူနည်းစု၊ နောက်လိုက်က အများစုဖြစ်တယ်။ ဒါဓမ္မတာပါပဲ။ ငယ်သားတယောက် ဗိုလ် ၁၀ယောက်ဖြစ်နေရင်လည်း ရယ်စရာဖြစ်နေမှာပေါ့။
          နိုင်ငံရေးပါတီတွေ တည်ထောင်တဲ့အခါ အာဏာရသို့မဟုတ် အာဏာရနိုင်တဲ့ အလားအလာရှိတဲ့ အဖွဲ့မျိုးဆိုရင် သောကောရောကော အဖွဲ့ဝင်တွေ တိုးဝှေ့ဝင်လာကြမှာ စမြဲပဲဗျ။ နိုင်ငံရေး တကယ်လုပ်ချင် သူဟာ ၀ါဒလမ်းစဉ်တွေ၊ ခေါင်းဆောင်မှုတွေကိုကြည့်ပြီး လေ့လာပြီးမှ အဖွဲ့ဝင်တယ်။ သည်အဖွဲ့ဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို တကယ်တမ်းထမ်းရွက်နိုင်မှာလား၊ ထမ်းရွက်နိုင်တဲ့ အင်အားတွေနဲ့ ဖွဲ့စည်းထားတာ ဟုတ်ရဲ့လား။ သေချာလေ့လာပြီးမှ အဖွဲ့ဝင်အဖြစ် တာဝန်ယူကြတယ်ဗျ။
နိုင်ငံရေးအဖွဲ့သုံးမျိုး
နိုင်ငံတကာ နိုင်ငံရေးအဖွဲ့တွေကိုကြည့်ရင် အဓိကအားဖြင့် သုံးမျိုးတွေ့ရမယ်။
(က) ၀န်ကြီးချုပ်ဦးဆောင်တဲ့ အင်္ဂလန် ၀က်စ်မင်စတာ နိုင်ငံရေးပုံစံမှာ ပါဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးသမား တွေ (ဗြိတိန်၊ ဆွီဒင်၊ အစ္စရေး၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ သြစတြေးလျ၊ ကနေဒါ စသည်…)
(ခ) တိုက်ရိုက်လူထုမဲနဲ့ သမ္မတရွေးကောက်တင်မြှောက်တဲ့ စနစ်ထဲမှာ ပါဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးသမားတွေ၊ (အမေရိကန်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ တောင်အာဖရိက၊ ဇင်ဘာဘွေ စသည်…)
(ဂ) တပါတီတည်းက တဆက်တည်း နှစ်ရှည် အာဏာရယူထားတဲ့ စနစ်ထဲမှာ ပါဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးသမားတွေ၊ (ကျူးဘား၊ မြောက်ကိုရီးယား၊ ဗီယမ်နမ်၊ တရုတ်၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အီဂျစ် စသည်…)
          သည်နေရာမှာ ဆော်ဒီအာရေဗျ၊ လစ်ဗျားစတဲ့ ဘုရင်စနစ် သို့မဟုတ် ဘုရင့်အာဏာထက်တောင် ပိုတဲ့ အာဏာရှင်စနစ်မျိုးကို ထည့်မပြောတော့ဘူး။ အများ လက္ခဏာဆောင်တဲ့ နမူနာများကိုပဲ လေ့လာပါ့ မယ်။
အစိုးရဖြစ်ခွင့်ရှိတဲ့ စနစ်
(က) အုပ်စုထဲက နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးပါတီတွေဟာ ဘတစ်ပြန် ကျားတပြန် အစိုးရဖြစ်လာ နိုင်တဲ့ အခွင့်အလမ်းရှိတယ်။ မိမိက အစိုးရဖြစ်နေချိန်မှာ အတိုက်အခံဖြစ်နေတဲ့ ပါတီတွေကို နှိပ်ကွပ်လို့ မရဘူး။ အတိုက်အခံတွေ ညီညွတ်ရေးရသွားချိန်မှာ ပါလီမန်တွင်း အင်အားစုစည်းပြီး အစိုးရကို အယုံအကြည်မရှိ အဆိုတင်နိုင်တယ်။ ပြုတ်ကျသွားတာတွေလည်းရှိတယ်။ (က) အုပ်စုထဲက နိုင်ငံရေးသမား တွေထဲမှာ အိန္ဒိယနဲ့ ဂျပန်က ကွန်မြူနစ်ပါတီတွေလို တသက်လုံး ဘယ်တော့မှ အာဏာရဖို့ မျှော်လင့်ချက်မရှိတဲ့ ပါတီတွေကို ယုံကြည်ချက်နဲ့ လုပ်နေသူတွေ အများကြီးရှိတယ်။ သူတို့တွေဟာ အာဏာအတွက် နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ သူတို့တွေဟာ အလုပ်သမား၊ လယ်သမား၊ လက်မှုစက်မှုပညာသည် စတဲ့ သမဂ္ဂတွေဖွဲ့စည်းပြီး အစိုးရနဲ့ အရင်းရှင်း အလုပ်ရှင်တွေရဲ့ မတရားမှုတွေကို တိုက်ပွဲဝင်ကြတယ်။ သူတို့ဟာ နိုင်ငံရေးအာဏာ မရပေမယ့် စည်းရုံးရေးသြဇာကြီးတယ်။ အလုပ်သမားအခွင့်အရေးတွေကို သူတို့တို့တိုက်ပွဲဝင်ရင် အစိုးရတို့ အရင်းရှင်တို့က စေ့စပ်လိုက်လျောရတယ်။ သူတို့လို နိုင်ငံရေးသမားတွေဟာ ရှိဖို့လိုကို လိုအပ်တယ်။
သမ္မတအုပ်ချုပ်တဲ့ စနစ်
(ခ) အုပ်စုထဲမှာပဲ နှစ်မျိုးကွဲပြားသေးတယ်။ အမေရိကန်စနစ်ကတော့ သမ္မတအုပ်ချုပ်ရေးဖြစ်လို့ ပါတီအလိုက် အစိုးရဖွဲ့စရာ မရှိဘူး။ သမ္မတ ဖြစ်သွားတဲ့လူက သူ့စိတ်ကြိုက် ကက်ဘိနက်ဖွဲပတယ်။ လွှတ်တော်အမတ်တွေက ဥပဒေပြုရေးတာဝန်နဲ့ သမ္မတက အဆိုပြုတဲ့ ဥပဒေကြမ်းတွေကို ထောက်ခံ ကန့်ကွက်လုပ်ကြဖို့ တာဝန်ရှိတယ်။ အမတ်ဖြစ်လို့ ၀န်ကြီးဖြစ်မှ မဟုတ်ဘူး။ အမတ်က တလိုင်း၊ ၀န်ကြီးက တလိုင်းပါ။ (ခ) အုပ်စုထဲကပဲ ပြင်သစ်စနစ်ကျတော့ သမ္မတကို လူထုတိုက်ရိုက်မဲနဲ့ရွေးတယ်။ ပါလီမန်က ၀န်ကြီးချုပ်ကို ရွေးတင်တယ်။ ၀န်ကြီးချုပ်က အစိုးရဖွဲ့တယ်။ သမ္မတနဲ့ ၀န်ကြီးချုပ် တပါတီတည်း မဖြစ်တဲ့အချိန် ရှိခဲ့ဖူးတယ်။ ၁၉၈၀နှစ် များတုန်းက မီးထရောင်းဆိုတဲ့ ဆိုရှယ်လစ်ပါတီခေါင်းဆောင်က သမ္မတ အရွေးခံရပြီး ပါလီမန်မှာကျတော့ လက်ယာဂိုဏ်ပါတီက အများစုရလို့ လက်ယာသမားဝန်ကြီးချုပ်တက်ဖြစ်တယ်။ လက်ယာဝန်ကြီးချုပ်နဲ့ လက်ဝဲသမ္မတ ထိပ်တိုက်တွေ့ဖြစ်ခဲ့ကြလို့ အလုပ်မဖြစ်ခဲ့ဘူး။
          (ခ) အုပ်စုထဲက နိုင်ငံရေးသမားတွေဟာ မိမိထောက်ခံတဲ့ သမ္မတလောင်း အောင်နိုင်ရေးမှာ ပါဝင်ကြိုးပမ်းကြတဲ့ အလုပ်ရယ်၊ လွှတ်တော် ၂ရပ်လုံးမှာ မိမိတို့ပါတီက အမတ်လောင်းတွေ အနိုင်ရရေး စည်းရုံး လှုံ့ဆော်ကြတဲ့ အလုပ်ရယ်ကို အဓိကလုပ်ကြရတယ်။ ရွေးကောက်ပွဲတွေပြီးသွားရင် ကိုယ့်မူလ အသက်မွေးဝမ်းကျောင်း အလုပ် ပြန်လုပ်နေကြတာပဲ။ အချိန်ပြည့် နိုင်ငံရေးသမားဆိုတာ အလွန်နည်း ပါတယ်။
အတိုက်အခံ အာဏာမရနိုင်တဲ့စနစ်
(ဂ) အုပ်စုထဲက နိုင်ငံရေးသမားတွေကိုလည်း ၂ မျိုးခွဲနိုင်တယ်။ တပါတီစနစ်ပဲဟေ့ဆိုပြီး ပြတ်ပြတ် သားသားပေါ်တင် ဦးဆောင်မှုပေးနေတဲ့ ကွန်မြူနစ်နိုင်ငံရေးက တမျိုး၊ စင်ကာပူ၊ မလေးရှား၊ အီဂျစ်တို့လို ပါတီစုံတော့ ပါတီစုံပဲ၊ လက်ရှိအာဏာရနေတဲ့ ပါတီကလွဲလို့ အတိုက်အခံတွေ ဘယ်တော့မှ အာဏာမရအောင် လုပ်ထားတဲ့ နိုင်ငံရေရးက တမျိုး၊ အဲသလို နိုင်ငံတွေက အတိုက်အခံနိုင်ငံရေး လုပ်သူတွေထဲမှာလည်း နှစ်မျိုးရှိသေးတယ်။ တမျိုးက ငတ်ငတ်ပြတ်ပြတ်နဲ့ ယုံကြည်ချက်ကြောင့် နိုင်ငံရေး ကို ဇွတ်မှိတ်လုပ်နေသူတွေ၊ နောက်တမျိုးက အတိုက်အခံ အတု၊ နိုင်ငံတကာကို အပြကောင်းအောင် အတိုက်အခံပါတီထောင် ခိုင်းထားတာ၊ သူတို့တွေက အောက်ကြေးတွေရတယ်။ နိုင်ငံရေး လုပ်စားသူတွေပါ။
          စင်ကာပူမှာ အတိုက်အခံ နိုင်ငံရေးကို ဇွဲနပဲနဲ့ လုပ်နေသူတွေရှိတယ်။ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ပါတီ အတိုက်အခံလှုပ်ရှားနေတယ်။ သူတို့ကို အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ကျပ်တယ်။ ဒုက္ခပေးတယ်။ အတိုက်အခံမလုပ်ရဲအောင် ခြိမ်းခြောက်တယ်။ အဲသည်ကြားထဲက သူတို့ဆက်လုပ်နေကြတာပဲ။ သူတို့ကို ထောက်ခံနေတဲ့ လူထုပရိတ်သတ်ကိုလည်း ပိုလို့တောင် ချီးကျူးစရာဖြစ်တယ်ဗျာ။
          သည်တော့ကာ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာရဖို့၊ အခွင့်အရေးရဖို့၊ ရှေးခေတ်က စစ်ပွဲတွေလို စစ်နိုင်တဲ့လူက အရာခပ်သိမ်းကို ရယူခံစားနိုင်တယ်လို့ သဘောထားဖို့ မဟုတ်ပေဘူးဗျ။ နိုင်ငံရေးလုပ်တာ ပြည်သူလူထုကောင်းကျိုးကို ရှေးရှုပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကျရာနေရာက အလုပ်အကျွေး ပြုတာလို့ ခံယူသူတွေ များလာမှသာ နိုင်ငံရေး ယဉ်ကျေးမှု တိုးတက်လာမှာဖြစ်တယ်ဗျာ။
မောင်ဝံသ -၂၉ ဒီဇင်ဘာ ၂၀၁၀
မှတ်ချက် - ဆရာမောင်ဝံသ၏ ပြည်သူ့ခေတ်ဂျာနယ်(အတွဲ ၁၊ အမှတ် ၂၇)ပါ ပြောချင်လွန်းလို့ ကဏ္ဍမှ ဖြစ်ပါသည်။

No comments:

Post a Comment