အခုရက်ပိုင်းအတွင်းမှာ ဒဂုန်တာရာရဲ့ ဒဂုန်တာရာ စာအုပ်ကို
ဖတ်ဖြစ်တယ်။ စာအုပ်က တော်တော်ကြီးကိုဟောင်းနွမ်းနေပြီ။ ၁၉၆၇မှာ
ဒုတိယအကြိမ်ထုတ်ဝေတဲ့ စာအုပ်။ ကျနော်ဒီစာအုပ်ကို
ကျနော်တို့ရဲ့ရုံးအပေါ်ထပ်တွင်ရှိတဲ့ စာအုပ်စင်မှာ တွေ့တော့ ၀မ်းသာအားရ
ယူဖတ်ဖြစ်ခဲ့တယ်။ ဒီစာအုပ်ကို ဖတ်ရင်း လွန်ခဲ့တဲ့နှစ်များကတည်းက ဖတ်မိခဲ့ရင်
သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးကို ကျနော့်တွေးမိလိုက်တယ်။
ကျနော် ၂၀၀၉ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့က ချယ်ရီဥယျာဉ်မြို့တော်မှာ
အောင်ပန်းကနေဆောင်းခိုဖို့ ရောက်နေတဲ့ ဆရာကြီးဒဂုန်တာရာဆီကို ရောက်သွားခဲ့တယ်။
အခုချိန်ထိ ဆရာကြီးဒဂုန်တာရာနဲ့ တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကျနော့်အတွက်
အိပ်မက်တခုလိုဖြစ်နေတုန်းပါပဲ။ ကျနော်တို့ အဲဒီကိုရောက်သွားတဲ့အချိန်မှာ ဆရာကြီးက
ထမင်းစားနေတဲ့အချိန်။ ဆရာကြီးက ထမင်းစားရင်းနဲ့ စကားတွေအဆက်မပြတ်ပြောတယ်။
ဆရာကြီးရဲ့ မျက်နှာသွင်ပြင်က ကြည်လင်ပြီး အေးအေးချမ်းချမ်း ရှိလှတယ်။
ဆံပင်ဖြူဖြူတွေက ပွယောင်းယောင်းနဲ့ ဖြီးသင်ထားခြင်းရှိပုံမပေါ်။
‘ရန်သူမရှိ၊ မိတ်ဆွေသာရှိ
မုန်းသူမရှိ၊ ချစ်သူသာရှိ’ ဆိုတဲ့ အတိုင်း ဆရာကြီးဒဂုန်တာရာရဲ့
ရုပ်သွင်က အေးမြငြိမ်းချမ်းခြင်းကို ဆောင်နေတယ်။ ထမင်းကို တမြုံ့မြုံ့ဝါးရင်းက
စကားသံ ခပ်အေးအေးထွက်ပေါ်လာတယ်။ ကျနော်က လူငယ်ပီပီ ငေးမောနားထောင်ရုံသက်သက်။
ကျနော်နဲ့အတူပါလာတဲ့ ကျနော့်ရဲ့ဆရာနဲ့တော့ အပြန်အလှန် စကားတွေပြောလို့ပေါ့။
ကျနော့်ရဲ့ဆရာက ခဏကြာတော့ ကျနော့်ကို
ဆရာကြီးနဲ့မိတ်ဆက်ပေးခဲ့တယ်။ ဆရာကြီးက ကျနော့်ကို ‘ကျောင်းတက်တုန်းလားလို့’
မေးတော့ ကျနော်က ကျောင်းပြီးသွားတဲ့အကြောင်း ပြန်ဖြေတယ်။ ‘အခု ဘာလုပ်လဲ’
လဲလို့မေးတော့ ကျနော့်ဆရာကပဲ ကွန်ပျူတာပိုင်းနဲ့ ကျနော့်ရုံးမှာပဲလုပ်တယ်လို့
ဖြေလိုက်တော့ ဆရာကြီးဒဂုန်တာရာက ‘ကောင်းတယ်…အခုခေတ်မှာ ကွန်ပျူတာပညာက
မရှိမဖြစ်ပဲဗျာ’ လို့ မှတ်ချက်ပြုတယ်။
ဆရာကြီးပြောတဲ့ စကားတွေထဲမှာ ကျနော်မှတ်မှတ်ရရဖြစ်နေတဲ့
စကားတခွန်းကတော့ ‘ဒီလိုပဲ တခေတ်ပြီး တခေတ်ဖြတ်သန်းရမှာပေါ့…ဘာတတ်နိုင်မှာတုန်း’
လို့ ပြောခဲ့တယ်။ ဟုတ်တယ်။ ကျနော်တို့တွေ ဆရာကြီးပြောသလိုပဲ တခေတ်ပြီး တခေတ်
ဖြတ်သန်းရမယ်။ အဲဒီဖြတ်သန်းလာတဲ့ ခေတ်တိုင်းမှာ ကျနော်တို့ဟာ ဖြောင့်မှန်တဲ့
လမ်းကြောင်းကို သွေဖယ်မသွားမိစေဖို့ပဲလိုတယ်။ မဝေးတော့တဲ့ တနေ့တော့ ကျနော်တို့
ပန်းတိုင်ကို ရောက်ရမယ်လို့ ကျနော်ယုံကြည်မိတယ်။
ကျနော် ဆရာကြီးရဲ့ ဒဂုန်တာရာ၏ ဒဂုန်တာရာ စာအုပ်ကိုသာ
လွန်ခဲ့တဲ့နှစ်တွေကတည်းက ဖတ်ဖြစ်ခဲ့မယ်ဆိုရင် ဆရာကြီးနဲ့ တွေ့စဉ်အခါတွင် ပြောစရာ
စကားတွေ အများကြီးရှိလိမ့်မယ်လို့ ကျနော်တွေးမိတယ်။ ကျနော်ဖတ်ဖြစ်ခဲ့တဲ့ မေ
ဝတ္တုအကြောင်းပဲဖြစ်ဖြစ်ပေါ့။ ဒဂုန်တာရာ၏ ဒဂုန်တာရာ စာအုပ်မှာ မေ ၀တ္တုထုတ်ခဲ့စဉ်က
ဆရာကြီးက အိမ်ကပေးတဲ့ ကျောင်းလခကို စာအုပ်ထုတ်ဝေတဲ့အထဲ ထည့်လိုက်ပြီး အဲဒီစာအုပ်က
ပြန်ဝင်လာမယ့် ပိုက်ဆံနဲ့ ကျောင်းပြန်အပ်မယ်ဆိုတဲ့ အတွေးနဲ့….နောက်ဆုံး ဆရာကြီး ကျောင်းတနှစ်အောက်
သွားရတဲ့အဖြစ်ကို ဖတ်ရတော့ ကျနော်ဝမ်းနည်းမိတယ်။
ဒီစာအုပ်မှာ ကျနော်သိချင်နေတဲ့ ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်က
မြန်မာပြည်။ ဖက်ဆစ်ဂျပန်လက်အောက်က မြန်မာပြည်အကြောင်း။
ပြီးတော့ ၁၃၀၀ပြည့်အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ မိခင်ကြီးပြောတဲ့ စကားသံတွေ….
‘ကျမသားက လက်နက်ဆိုလို့ အပ်တောင် မပါပါဘူး။ ဒါကို အစိုးရက
ရက်ရက်စက်စက် တုတ်နဲ့ရိုက်သတ်ကြတယ်။ အမေကြီး ဒီအစိုးရကို မကျေနိုင်ပါဘူး’ တဲ့။
ကျနော် ဒီနေရာကိုဖတ်ပြီးတော့ နာနာကျင်ကျင် ငိုမိတယ်ဆိုတဲ့အကြောင်း…။ အခုလိုပဲ
အများအတွက် ကိုယ်ကျိုးစွန့် ပေးဆပ်သူတို့အကြောင်း မြင်ရ၊ ကြားရ၊ သိရတဲ့အခါတိုင်း
အခုလိုပဲ နာကျင်ကြေကွဲစွာနဲ့ မျက်ရည်ကျမိတယ်။ ကျနော် မျက်ရည်လွယ်လွယ်မကျတတ်ပေမယ့်
စွန့်လွှတ်အနစ်နာခံပြီး တိုင်းပြည်အတွက် ဘ၀ကို ပေးဆပ်သူများနဲ့ပတ်သက်လာရင်တော့
မျက်ရည်မကျအောင် မထိန်းနိုင်ခဲ့ဘူး။
ပြီးတော့ ၁၉၄၆၊ ဒီဇင်ဘာမှာ စတင်မွေးဖွားခဲ့တဲ့
တာရာမဂ္ဂဇင်းအကြောင်း။ ဒယ်ဒီတာ၊ မန်နေဂျာ၊ ဆောင်းပါးရှင်၊ ဖိုမင်၊ စာရေး၊ မင်းစေ
စတဲ့တာဝန်အားလုံးကို ဆရာကြီးဒဂုန်တာရာတဦးတည်းယူရသော တာရာမဂ္ဂဇင်း။ မြန်မာစာပေ
အရေးအသား ပုံသဏ္ဌာန်သစ်နှင့် အတွေးအခေါ်သစ်တို့ကို ဖော်ဆောင်သော စာပေသစ်များကို
မွေးထုတ်ခဲ့သော တာရာမဂ္ဂဇင်းအကြောင်း.. စတာတွေကို ကျနော်မေးမိလိမ့်မယ်။
ကျနော် ဆရာကြီးဒဂုန်တာရာနဲ့ နောက်တကြိမ်ဆုံဖို့
အခွင့်အရေးရခဲ့ရင်….။
No comments:
Post a Comment