လောက၌ မပြောင်းလဲတာဟူ၍ ပြောင်းလဲခြင်းတရားသာရှိသည်ဟုလည်း ဆိုကြ၏။
ဒါကိုပင် လူသည် မြစ်တစင်းတည်းကို နှစ်ကြိမ် မဆင်းနိုင်ဟု ဒဿနဆန်စွာ ပြောတာလည်း ရှိသည်။
ငါဟာ မနေ့က ငါမဟုတ်တော့ဘူး။ ဒီကနေ့ ငါ ဖြစ်နေပြီ၊ အရာအားလုံး ပြောင်းလဲနေတယ်၊ ပြောင်းတဲ့အထဲမှာ ငါလည်းပါတယ် စသဖြင့် တရားရစွာ ပြောတာမျိုးလည်းရှိသည်။
ချုပ်ပြောသော်၊ လောကသည်လည်းကောင်း၊ လူသည်လည်းကောင်း၊ ပြောင်းလဲမြဲသာဟု ဆိုလိုခြင်းဖြစ်၏။
လူ့အဖွဲ့အစည်းများသည်လည်း ထိုနည်း၎င်း။
သို့သော် ပြောင်းတိုင်း ကောင်းသလား။
လူကောင်းက လူဆိုးဖြစ်သွားခြင်း၊ ချမ်းသာသော လူ့အဖွဲ့အစည်းက ဆင်းရဲမွဲတေသွားခြင်း၊ လွတ်လပ်သော နိုင်ငံက ကျွန်ဘ၀ရောက်ရှိသွားခြင်း၊ ငြိမ်းချမ်းသော ဒေသက စစ်မြေပြင်ဖြစ်သွားခြင်း၊ …စတာတွေလည်း ကောင်းသော ပြောင်းလဲခြင်းများ လုံးဝမဟုတ်ကြ။
ထို့ကြောင့် ပြောင်းလဲခြင်းအကြောင်း ပြောသောအခါ တိုးတက်ခြင်း ဆိုတာကိုပါ ထည့်သွင်း စဉ်းစားလာကြခြင်းဖြစ်သည်။
ပြောင်းလဲမှုတခုသည် တိုးတက်မှုရှိသော ပြောင်းလဲခြင်းမျိုးလား၊ နောက်ကြောင်းပြန်သွား ဆုတ်ယုတ်သွားသော ပြောင်းလဲမှုလား၊ ဒါမှမဟုတ် အသွင်သဏ္ဌာန်ပြောင်းလဲသော်လည်း အနှစ်သာရ မပြောင်းသည့် အကြောင်းမထူးသော ပြောင်းလဲခြင်းမျိုးလား…။
ထို့ပြင် တိုးတက်မှုဟူသည်ကိုကော ဘယ်သူ့ရှုထောင့်မှ တိုင်းတာသတ်မှတ်မည်လဲ။
ဓမ္မဓိဋ္ဌာန်ကျသော တွေးတောသူကမူ လူ့အဖွဲ့အစည်းတရပ်အတွက် အကောင်းဘက် ရှေးရှုသော ပြောင်းလဲခြင်းမျိုးကို တိုးတက်ခြင်းအဖြစ် နှစ်သက်လက်ခံမည် ဖြစ်သည်။
ပုဂ္ဂလဓိဋ္ဌာန် စဉ်းစားသူတို့ကမူ အပြောင်းအလဲသည် မိမိအပေါ်မည်သို့သက်ရောက်မည်နည်း ဆိုတာကို စဉ်းစားသည်။
လတ်တလော အနေအထားတွင် နစ်နာသူ၊ နိမ့်ပါးသူ၊ အခြေအနေမကောင်းသူတို့ကတော့ ဘာတွေ ပြောင်းပြောင်း မိမိအတွက် ကောင်းဖို့သာရှိသည်။ ပိုဆိုးနိုင်စရာမရှိဟု ယူဆသဖြင့် အပြောင်းအလဲကို လိုလားတောင့်တသည်။ လတ်တလော အနေအထား တပန်းသာသူ၊ အခြေအနေကောင်းသူ၊ အခွင့်ထူး ခံစားရသူတို့ကတော့ ပိုနေမြဲ ကျားနေမြဲသာ အကောင်းဆုံးဟု ယူဆကြသည်။ လှေကို သွားမလှုပ်နဲ့၊ မြုပ်သွားလိမ့်မယ်ဟုလည်း အပြောင်းအလဲ လိုချင်သူတို့အား တားမြစ်တတ်ကြသည်။
ဒါတွေလည်း လူတို့၏ သဘာဝဟုပင် ဆိုကြပါစို့။
သို့သော် တောင်းသူတွေ တောင်း၊ တားသူတွေ တားရင်းကပင် ပြောင်းလဲတတ်သော သဘာဝ အတိုင်း ခေတ်စနစ်တို့ ပြောင်းလဲခဲ့ကြသည်။
ဒါက ယေဘုယျသဘောတွေ ပြောခဲ့ခြင်းဖြစ်သည်။ တိတိကျကျ ကိုယ်နှင့်ဆိုင်တာ ပြောရသော် လောလောဆယ် ကျနော်တို့ တိုင်းပြည်မှာကော ဘယ်လိုပြောင်းလဲမည့်အကြောင်းတွေ ရှိနေသနည်း။
ပြီးခဲ့သော နှစ်ပိုင်းများအတွင်း ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၊ နိုင်ငံရေးပါတီသစ်၊ ရွေးကောက်ပွဲသစ်များနှင့် မကြာမီပေါ်ထွက်လာမည့် လွှတ်တော်သစ်၊ သမ္မတသစ်၊ အစိုးရသစ်များကြောင့် မြန်မာ့နိုင်ငံရေးသည် လည်းကောင်း၊ နိုင်ငံအုပ်ချုပ်မှု ပုံသဏ္ဌာန်သည် လည်းကောင်း ပြောင်းလဲလျက် ရှိသည်ဟု ဆိုရလိမ့်မည်။
ထိုအပြောင်းအလဲတို့သည် ဒီမိုကရေစီနစ်ဘက်သို့ ဦးတည်သည့် အပြောင်းအလဲများဖြစ်သည်။ ပုံသဏ္ဌာန်အပြောင်းအလဲထဲတွင် မတူသော နိုင်ငံရေးအင်အားစုတို့ အတိုင်းအတာတခုအထိ ပါဝင်လှုပ်ရှား နိုင်မည့် နေရာများဖန်တီးပေးထားသည်၊ စသဖြင့် ပြောဆိုကာ ကြိုဆိုသူတို့က ကြိုဆိုကြသည်။ တဖက်တွင်မူ အပြောင်းအလဲသည် အပေါ်ယံ အသွင်သဏ္ဌာန် ပြောင်းလဲရုံမျှသာဖြစ်၍ အနှစ်သာရပိုင်းတွင် ထူးခြားမှုမရှိဟု ဝေဖန်သူများလည်း ရှိနေကြသည်။
သည်နှစ်ရပ်အနက် ဘယ်ရှုထောင့်က မှန်မည်လဲ၊ သို့မဟုတ် အမှန်နှင့် နီးစပ်မည်လဲ ဟူသည်ကို ယခုနှစ် ပထမပိုင်း အတွင်းလောက်မှာပင် စတင်အကဲဖြတ်နိုင်ကြလိမ့်မည် ထင်ပါသည်။
အကဲဖြတ်ရန် မှတ်ကျောက်ကား အများပြည်သူတို့အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ တိုးတက်မှု ရှိ မရှိ ဟူသော အချက်ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ပါတီစုံစနစ် မည်မျှပီသစွာ ဖြစ်ထွန်းလာမည်လဲ။ ပါတီတို့ စည်းရုံးကြ၊ တိုးချဲ့ဖွဲ့စည်းကြ၊ မိမိတို့ ၀ါဒလမ်းစဉ်များကို ကြေညာဖြန့်ချိကြ၊ နိုင်ငံအဆင့်တွင်လည်းကောင်း၊ ဒေသန္တရအဆင့်တွင်လည်းကောင်း တိုင်းရေးပြည်ရာ ပြဿနာကို ရှင်းလင်းအဖြေရှာခြင်းများ ပြုလုပ်ကြ စသဖြင့် တိုးတက်လှုပ်ရှား ဆောင်ရွက်လာသည်များ မြင်တွေ့ရမည်လား။
လွှတ်တော်များတွင် ပြည်သူ့ကိုယ်စားလှယ်တို့ ပြည်သူများကြားက သယ်ဆောင်လာခဲ့သည့် နိုင်ငံ့အရေးကိစ္စများကို ပြည်သူတို့ကိုယ်စား တင်ပြကြ၊ ဥပဒေကြမ်းများ ရေးသားအဆိုပြုကြ၊ ဆွေးနွေး ဝေဖန်သူက ဝေဖန်ကာ မဲခွဲဆုံးဖြတ်ကြသည်များကို လည်းကောင်း၊ လွှတ်တော်တွင်း ဆောင်ရွက်ချက် များကို ပြည်သူတို့ထံ ပြန်လည်ရှင်းလင်း တင်ပြကာ ပြည်သူတို့၏ တုံ့ပြန်သံများကို နားထောင်မှတ်သား ကြသည်ကိုလည်းကောင်း ပြည်သူတို့မြင်တွေ့ကြရမည်လား။
လွှတ်တော်များတွင် ဆွေးနွေးကြမည့် အကြောင်းအရာများကိုလည်းကောင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များ၊ ပါတီအဖွဲ့များနှင့် ပါတီခေါင်းဆောင်တို့၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း စာနယ်ဇင်းများနှင့် အများပြည်သူကြားတွင် သုံးသပ်ဝေဖန်ခြင်း ထောက်ခံခြင်း ကန့်ကွက်ခြင်းများ ပြုကြသည်ကို မြင်တွေ့ကြားသိလာရမည်လား။
အထက်က အနေအထားများကို အကြောင်းပြုကာ နိုင်ငံရေးရာကို ပြည်သူအများ တိုးတက်စိတ်ဝင်စားလာကြ၍ ပါတီများ အဖွဲ့အစည်းများတွင် ၀င်ရောက်လုပ်ကိုင်လိုသူ၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် စောစောစီးစီးလေ့ကျင့် ပြင်ဆင်သူများ တိုးပွားလာမည်လား။
အဲဒါဆိုလျှင် နိုင်ငံရေးဘက်တွင် တိုးတက်မှုရှိသည်ဟု ဆိုရလိမ့်မည်။
နိုင်ငံရေးတိုးတက်သကဲ့သို့ စီးပွားနယ်ပယ်တွင် လွတ်လပ်မှုနှင့် အခွင့်အရေးတန်းတူမှုရှိသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ထွန်းသဖြင့် အများသူငါတို့ အကြံဉာဏ်ရှိသမျှ စီးပွားရှာခွင့်ရကာ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားခြင်းကြောင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးစပြုသည့် အရိပ်လက္ခဏာများ မြင်တွေ့လာရမည်လား။
တချိန်တည်းတွင် အလုပ်အကိုင်တူသူ အသင်းအပင်း ဖွဲ့စည်းကာ အကျိုးစီးပွား ကာကွယ်မှုအတွက်လည်းကောင်း၊ မိမိတို့ လုပ်ငန်းကဏ္ဍ တိုးတက်ရေးအတွက်လည်းကောင်း စုပေါင်း လုပ်ဆောင်ကြခြင်း၊ ထိုမှတဆင့် တက်ကာ ရပ်ရွာအကျိုး တိုင်းပြည်အကျိုးအတွက် ၀ိုင်းဝန်းပါဝင်လာခြင်း များ တိုးပွားလာသည်ကို မြင်တွေ့လာရမည်လား။
ထို့ပြင် အခြေအနေ အကြောင်းကြောင်းတို့ကြောင့် ကြွယ်ဝပြည့်စုံလာသူ၊ ဥစ္စာမကြွယ်ဝသော်လည်း စေတနာပြည့်ဝသူ၊ ပရဟိတစိတ် ထက်သန်သူတို့ စုစည်းကာ ဆင်းရဲချို့တဲ့သူ၊ မကျန်းမာသူ၊ ပညာ မပြည့်ဝသူ၊ ဘေးဒုက္ခကြုံရသူ စသည့် နိမ့်ပါးနေသူတို့အတွက် ကူညီစောင့်ရှောက်သော အလုပ်၊ အားပေးမြှင့်တင်သော အလုပ်များ တိုးတက်ဆောင်ရွက်လာကြသည်ကို မြင်တွေ့ရမည်လား။
အဲဒါဆိုလျှင်တော့ အပြောင်းအလဲသည် တိုင်းပြည်တိုးတက်မှုဘက်သို့ ရှေးရှုသည့် ကောင်းသော ပြောင်းလဲချက်များဖြစ်သည်ဟု ဆိုရမည်ဖြစ်ပြီး ထိုအပြောင်းအလဲ၏ ရလဒ်အဖြစ်လာမည့် ဆယ်စုနှစ်အတွင်း မြန်မာပြည်သူတို့ ခေါင်းမော့လာသည်ကို မြင်တွေ့ရနိုင်သည်ဟု ဆိုချင်ပါသည်။
ပြည်သူ့ခေတ်အယ်ဒီတာ
(၁၃.၁.၂၀၁၁)
မှတ်ချက် - ပြည်သူ့ခေတ်ဂျာနယ် (၂၇ ၊ ဇန်န၀ါရီ၊ ၂၀၁၁)ပါ အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။
No comments:
Post a Comment