Thursday, January 27, 2011

ပျော်သလို နေတတ်ဖို့...


အခုတလော အားလပ်တဲ့အချိန်တိုင်း မရိုးနိုင်အောင် နားထောင်နေမိတဲ့ သီချင်းက ခိုင်ထူးရဲ့ ‘သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်’ ဆိုတဲ့ သီချင်း။ ထပ်ခါတလဲလဲ အဲဒီသီချင်းကို repeat လုပ်ပြီး နားထောင်နေမိတယ်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါမှန်းမသိ။ တကယ်တော့ အဲဒီသီချင်းထဲကလိုပဲ ကျနော်ကိုယ်တိုင်က အစွဲအလမ်းကြီးလွန်းတယ်။ ကြံဖန်ပြီးလည်း ပျော်သလို မနေတတ်ခဲ့တော့…။  
စွန့်လွှတ်လိုက်….ဆိုတော့လည်း ကျနော့်ဘ၀ရဲ့ ဘယ်အရာတွေကို စွန့်လွှတ်ရပါ့မလဲ။ အင်း…အတွေးထဲကနေ တခုချင်းစီကို စွန့်လွှတ်ကြည့်နေမိရဲ့။ နောက်ဆုံးတော့လည်း ဒါကိုတော့ဖြင့် စွန့်လွှတ်လို့ မဖြစ်သေးပါဘူး…ဒါလည်း မစွန့်လွှတ်နိုင်ပြန်ဘူး…ဆိုတဲ့ အတွေးထဲကပင် မစွန့်လွှတ်နိုင်လေတော့ ရလာတဲ့ ဒုက္ခတွေကို ပွေ့ပိုက်ပြီး ငမိုက်သားကျနော်က ဘ၀ကိုဖြတ်သန်းဦးမည်လား။
ဖြစ်နိုင်ရင် ကျနော့်ဘ၀မှာ မရှိရင်မဖြစ်ဆိုတဲ့ စွဲလမ်းစိတ်တွေ ပျောက်ပျက်သွားအောင်   နေချင်မိတယ်။ ဟုတ်တယ်။ စွဲလမ်းနှစ်ခြိုက်ခဲ့တဲ့အရာတွေကို တဖြည်းဖြည်းအချိန်ယူ ဖျောက်ပစ်လို့ ရနိုင်ကောင်းပါရဲ့။ ‘ဘာဖြစ်လို့ မရရမှာလဲ’ ဆိုပြီး တိမ်မြုပ်နေတာကြာပြီဖြစ်တဲ့ မာနလေးကလည်း ခေါင်းထောင်လာပါကလား။
စွဲလမ်းခဲ့တဲ့အရာတွေကို ကြိုးစားပြီးမေ့ပစ်ချင်သလို ကျနော်တန်ဖိုးထားတဲ့ ကျနော့်နှလုံးသားကိုလည်း ဥပေက္ခာပြုတော့မယ်။ အဲဒီနှလုံးသားဆီက ထွက်လာတဲ့ အသံကိုလည်း မသိကျိုးကျွန်ပြုလိုက်တော့မယ်။ ကျနော့်နှလုံးသားရဲ့ ဆန့်ကျင်ဘက်ကိုသာ ဦးတည်လိုက်တော့မယ်။ ဒါကလည်း ကြံဖန်ပြီး ပျော်သလိုနေတတ်လာတာ ဖြစ်နိုင်ကောင်းပါရဲ့။ 


Image and video hosting by TinyPic

No comments:

Post a Comment