အစပထမတွင် သူ့အမြင် သူပြော ကိုယ့်အမြင် ကိုယ်ပြောရင်း သည်ကိစ္စမှာ သူနှင့်ကိုယ် အယူအဆမတူတာ၊ ရပ်တည်ချက်တွေကွဲလွဲတာ၊ သူက ဟိုဘက်ကို အားပေးပြီး ကိုယ်က သည်ဘက်ကို ထောက်ခံတာတွေ တွေ့မြင်လာကြလိမ့်မည်။
အဲသည်ခါ တယောက်ကစပြီး တဖက်လူ၏ အယူအဆမှားယွင်းကြောင်း၊ ဘာတွေ ဘယ်လို လွဲချော်နေကြောင်း ထောက်ပြပြောဆိုလာသည်။ သည်အခါ တဖက်လူကလည်း သူမမှားကြောင်း ငြင်းဆိုကာ ဘာကြောင့် မမှားသည့်အကြောင်း အထောက်အထား သာဓကတွေဖြင့် ပြန်လည်ချေပမည်။ ဒါတင်မက တဖက်လူ၏ အယူအဆသည် ဘယ်နည်းဘယ်ပုံ မှားယွင်းနေကြောင်း တုံ့ပြန်ပြောဆိုဦးမည်။ အဲသည်လို အပြန်အလှန်ပြောရင်း ငြင်းခုံပွဲ တာရှည်လာလျှင် ကျိုးကြောင်းယုတ္တိတွေကုန်ကာ အထောက်အထားမဲ့ ပြောဆိုလာမည်။ တဖက်လူနားလည်လက်ခံဖို့ကို မစဉ်းစား ငါ့စကားနွားရဖြစ်လာမည်။ အကြောင်းအရာကို ငြင်းခုံရာမှ ဆက်စပ်ပတ်သက်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ၀ါဒလမ်းစဉ်၊ လက်စွဲကျမ်းဂန် စသည့် တဖက်လူ အလေးအမြတ်ပြုသည့် အရာများကို ပုတ်ခတ်ပြောဆိုသော အဆင့်ရောက်လာမည်။
စင်စစ်၊ လူတွေဆိုသည်က သူ့အယူအဆနှင့်သူ ရှိတတ်ကြသောသူများ ဖြစ်သည်။ သည်အထဲမှ တကယ်အလေးအနက် စဉ်းစားတွေးတောပြီးမှ အယူအဆတခုကို လက်သင့်ခံလာကြသူတွေပါသည်။ မုဆိုးနားနီး မုဆိုး…၊ ဆိုတာလို မိမိကြီးပြင်းရာ ပတ်ဝန်းကျင်မှာ မကြာခဏကြားနာရသည်များကို အမှန်ဟု မှတ်ယူထားသူတွေပါသည်။ တချို့လည်း စာအုပ်ထဲက စာတကြောင်း၊ ဒါမှမဟုတ် မိမိအထင်ကြီးမိသည့် ပုဂ္ဂိုလ်တယောက်၏ စကားတခွန်းကို မူသေစွဲ မှတ်ထားသူမျိုးလည်း ပါနိုင်သည်။
ပုဂ္ဂိုလ်တယောက်ကဆိုလျှင်၊
ကိစ္စရပ် အများအပြားနှင့် စပ်လျဉ်းသည့် လူတို့၏ သဘောထားအမြင်များ၊ အယူအဆများ၊ အမှတ်သညာများသည် အသိဉာဏ်နုံနဲ့သည့် ငယ်စဉ်ဘ၀က စုစည်းမိခဲ့သည့် အရာများဖြစ်သည်ဟုပင် ဆိုခဲ့ပါသည်။ လူတိုင်းအတွက် မှန်ချင်မှ မှန်ပါမည်။ သို့သော် နည်းနည်းလျှော့ပြောလျှင်ပင် လူအတော်များများသည် ကလေးဘ၀က အမှတ်သညာများ အယူအစွဲများဖြင့် လူကြီးဘ၀ကို ဖြတ်သန်းကြသည်ဟု ဆိုရမည့် သဘောဖြစ်သည်။ ထားပါတော့။ အထက်က လူအမျိုးအစားများအနက် စဉ်းစားတွေးတောသော အလုပ်ကို အလေးအနက်လုပ်ကာ အမှန်တရားကို မြင်လျှင် လက်သင့်ခံဖို့ ဦးနှောက်ကို အသင့်ဖွင့်ထားတတ်သော ပုဂ္ဂိုလ်တချို့ကလွဲလျှင် ကျန်လူ အများစုတို့အနေနှင့်၊ မိမိတို့ ခေါင်းထဲသို့ ဘယ်နည်းဘယ်ပုံ ရောက်ရှိနေမှန်းမသိသည့် အယူအဆမှန်သမျှကို ဒါငါ့အယူအဆဟု မူသေစွဲမှတ်ကာ အခိုင်အမာ ခုခံကာကွယ်တတ်ကြသော သဘောရှိပါသည်။
သည်အထဲမှာ မပီဝိုးဝါး အမှတ်သညာများပါရှိသလို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် ရှင်းလင်းပီသသော အယူအဆများလည်း ရှိသည်။ ဒါတွေကို သွားထိတို့လျှင် ပြဿနာတက်နိုင်သည်။
ဥပမာ-ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးဆိုင်ရာ ယုံကြည်ချက် ရပ်တည်ချက်၊ အတွေးအမြင် အယူအဆနှင့် ၀ါဒ လမ်းစဉ်များ။
သည်ဟာတွေပေါ်မှာ အခြေခံသည့် ပဋိပက္ခတွေကြောင့် သွေးချောင်းစီး စစ်ပွဲကြီးတွေ ဖြစ်ခဲ့ကြသည်။ ကြီးမားသော အဲသည် အနိဋ္ဌာရုံတွေသည် လူတွေ ခေါင်းထဲစွဲနေခဲ့သည်။ ထို့ကြောင့် သူတပါးဘာသာကို မထိပါးနဲ့၊ မဝေဖန်နဲ့၊ တတ်နိုင်သရွေ့ဘာမှမပြောကြနဲ့ သဘောရိုးနှင့် ပြောတာဖြစ်လျှင်ပင် တဖက်လူ အကောက်အယူလွဲက ပြဿနာတက်နိုင်သည်။ အလားတူ သူတပါးလူမျိုးနှင့် ပတ်သက်လျှင်လည်း…၊
သည်လိုတွေ သတိထားကြသည်။ သို့သော၊ အပြန်အလှန် မထိပါးမိအောင် သတိထားသော သဘောဖြင့် တချို့ကိစ္စတွေကို မပြောကြတာ ကောင်းသော်လည်း နယ်နိမိတ် တခုတည်းအတွင်းမှာ အထက်က မတူသူတွေ စုပေါင်းနေထိုင်ကြသည့်အခါ သူရယ် ကိုယ်ရယ် အတူတကွ ပြဿနာကင်းစွာ နေနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေတော့ မလွဲမသွေလုပ်ဖို့ လိုလာသည်။
ဒါက အတော်ပြဿနာကြီးသည်။ အပြောမတတ်လျှင် တုတ်တပြတ် ဓားတပြတ် ဖြစ်နိုင်သည့် ကိစ္စရပ်တွေကို အဲသည် တုတ်တပြတ်၊ ဓာတ်းတပြတ် မဖြစ်ဖို့အတွက်ဘဲ ပြောကြဆိုကြရမည့် ကိစ္စဖြစ်သည်။
ခင်ဗျား ဘာသာကိုလည်း လွတ်လွတ်လပ်လပ်ကိုးကွယ်နိုင်ဖို့၊ ကျနော့်ဘာသာကိုလည်း လွတ်လွတ်လပ်လပ်ကိုးကွယ်နိုင်ဖို့၊ ခင်ဗျား လူမျိုးလည်း မနစ်နာဖို့၊ ကျနော့်လူမျိုးလည်း မနစ်နာဖို့၊ ကျနော်လည်း ကျနော့်လမ်းစဉ်နဲ့ ကျနော်သွားနိုင်ဖို့၊ ခင်ဗျားလည်း ခင်ဗျား နိုင်ငံရေးယုံကြည်ချက်ကို ကိုင်စွဲထားနိုင်ဖို့၊ …ချုပ်ပြောသော်၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်ပြိုင်တည်ရှိနိုင်ဖို့၊ အဲဒါကို ဆွေးနွေးညှိနှိုင်း အဖြေရှာရသည့် ကိစ္စ။
ဒါကို ပြေလည်အောင် ဆောင်ရွက်နိုင်သဖြင့် မငြိမ်းချမ်းရာက ငြိမ်းချမ်းသွားသော တိုင်းပြည်တွေ ကမ္ဘာမှာ ဒုနှင့် ဒေး ရှိသည်။ တချို့ကျတော့ တခါတုန်းက မငြိမ်းချမ်းသော အနေအထားရှိခဲ့ဖူးသည်ဆိုတာ ဟုတ်ရဲ့လား မေးရလောက်အောင်ပင် မတူသူတွေ ယှဉ်တွဲနေထိုင်သည့် အလေ့အထ အသားကျခဲ့ပြီ။
ထို့ကြောင့် မည်မျှ ကွဲပြားတာတွေဖြစ်စေ၊ ညှိနှိုင်း အဖြေရှာလျှင် မရတာ မရှိဟု၊ ငြိမ်းချမ်းလိုသူ ညှိနှိုင်းလိုစိတ်ရှိသူများက ပြောတတ်ကြခြင်း ဖြစ်သည်။ သို့သော အယူအဆမတူသူတွေ ဆန့်ကျင်ကွဲလွဲမှု လျော့ပါးလိုသော သဘောဖြင့် စကားပြောဆိုကြသည့်အခါ သဘောထားကြီးဖို့လိုသည်။ တူညီသော ရည်ရွယ်ချက်ရှိပြီး အဲသည် ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် လျှော့တန်တာ လျှော့၊ ဘေးဖယ်တန်တာ ဘေးဖယ်၊ ရွှေ့ဆိုင်းတန်တာ ရွှေ့ဆိုင်းနိုင်ကြဖို့ လိုသည်။
ပြီး၊ မိမိ၏ တချို့သော အယူအဆတွေမှာ အစွဲအလမ်းတွေ တွယ်ကပ်နေမနေဆိုတာလည်း သေသေချာချာ ပြန်လည်စစ်ဆေးကြဖို့လိုသသည်။ အလားတူ တဖက်လူဘက်က လွဲမှားသော အယူအဆတွေ၊ တဖက်စောင်းနင်း အမြင်တွေဟု မိမိမှတ်ယူထားတာတွေသည်ကော တကယ်တမ်း အဲသလောက်လွဲသလား၊ ဆိုးသလား ဓမ္မဓိဋ္ဌာန်ကျကျ ပြန်လည်သုံးသပ်နိုင်ဖို့ လိုသည်။
ပြီး၊ လူဆိုသည်က မိမိအလေးအနက်ထားချင်သည့်အရာကို အရေးကြီးကိစ္စဟု သတ်မှတ်ချင်တတ်ပြီး၊ တဖက်လူ အလေးထားပြောဆိုသည့်အရာနှင့် ပတ်သက်လျှင် အရေးမကြီးသော အရာတွေ အကျယ်ချဲ့ကာ ပြဿနာရှာနေသည်ဟု မြင်တတ်ကြသည်။ အဲသလို အမြင်နှင့် နားထောင်သည့်အခါ တဖက်လူတင်ပြသည့် အကြောင်းအချက်တွေ ကိုယ့်ခေါင်းထဲမ၀င်တော့။ တဖက်က ပြောသည့် ကျိုးကြောင်းယုတ္တိနှင့် အထောက်အထားသာဓကများကို သေသေချာချာနားထောင် စဉ်းစားမှသာ သူကတော့ ဒီကိစ္စကို ဘယ်လို လယ်လိုမြင်နေတာပဲ။ ဘယ်အချက်ကတော့ အဲဒီလို မြင်မယ်ဆိုရင် မြင်သင့်တယ်၊ မြင်စရာ ဖြစ်နေတယ်၊ ဟိုဟာကတော့ မှားနေပြီ စသဖြင့် တဖက်လူ အနေအထားကို နီးစပ်မှန်ကန်စွာ အကဲဖြတ်နိုင်မည်။
အဲသည်အခါ နားလည်မှု တစုံတရာရရှိနိုင်သည့် လမ်းစပေါ်လာပြီ။
တခါတရံ အမြင်မတူသူနှင့် စကားပြောရင်းက မိမိ မစဉ်းစားမကြည့်မြင်ခဲ့သည့် ရှုထောင့်မှ ကြည့်မိလာတာ၊ မိမိ မသိရှိခဲ့သည့် အကြောင်းအချက်သစ်တွေ သိမြင်လာတာတွေကြောင့် ပြဿနာတရပ်နှင့် စပ်လျဉ်းသည့် မိမိအမြင် သဘောထားနှင့် ရပ်တည်လုပ်ဆောင်နေမှုတွေသည် နည်းနည်းဖြစ်စေ များများဖြစ်စေ တိမ်းစောင်းလွဲချော်နေတာ သတိပြုမိလာတာမျိုး ရှိတတ်သည်။
သည်အခါမျိုးတွင် လူအတော်များများပင် အမှန်ကိုမြင်လျက် လက်ခံရခက်သည့် အနေအထားမျိုး ကြုံရတတ်သည်။
တချက်က၊ စောစောက အစဉ်တစိုက် လုပ်ကိုင်ပြောဆိုလာတာတွေနှင့် မတူသော အရာကို ပြောင်းလဲပြောဆို လုပ်ကိုင်ဖို့ နှောင့်နှေးခြင်းဖြစ်သည်။ နောက်တချက်က စောစောက ပေါ်ပေါက်လာသည့် အမြင်သစ်ကို တခြားသော တနေရာတွင် တခြားသူ တစုံတယောက်ထံမှ ရရှိခဲ့သော မထောင်းတာသော်လည်း မိမိနှင့် မတူသည့် တဖက်လူဟု မှတ်ထားသူထံမှ လာတာဖြစ်သည့်အခါ လက်ခံရမှာ ၀န်လေးခြင်းဖြစ်သည်။
သို့သော်၊ မတူသူတွေ ညှိနှိုင်းကြသည့်အခါ သူလည်း အမြင်သစ်တွေရကာ သဘောထား အချို့ပြောင်းလဲသွားသလို မိမိလည်း တချို့အစိတ်အပိုင်းများမှာ တဖက်လူ၏ နေရာမှ နားလည်ရှုမြင်လိုက်ရတာတွေ ရှိလာပေမည်။
အရေးကြီးသည်က ကနဦးအစကပင် အယူအဆနှင့် ပတ်သက်၍ သဘောထားကြီး စိတ်ထားရှိဖို့ဖြစ်သည်။ သူတပါး အယူအဆကို လက်ခံတာ လက်မခံတာ ခဏထား၊ တဖက်လူမှာလည်း သူ့အယူအဆနှင့် သူ ရှိနိုင်သည်ဆိုတာ သိမှတ်သည်းခံနိုင်ဖို့ လိုသည်။ အဲဒါဆိုလျှင် အယူအဆ တူမျှကြသည့် အနေအထားမရောက်သည့်တိုင် အမြင်မတူ၍ ရပ်တည်ချက် ကွဲလွဲခြင်းကြောင်း ဖြစ်သည့် ပဋိပက္ခများ လျော့ပါးပျောက်ကွယ်နိုင်ပေသည်။
ပြည်သူ့ခေတ် အယ်ဒီတာ ၂၉၊ ၁၁၊ ၂၀၁၀
မှတ်ချက် - ပြည်သူ့ခေတ်ဂျာနယ်(၁၆ ၊ ဒီဇင်ဘာ၊ ၂၀၁၀)ပါ အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။
No comments:
Post a Comment