ကျနော်အခုတလော ဆရာဖေမြင့်ရေးတဲ့ ‘တန်ဖိုးထားအပ်သော အရာများ’ ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်လေးဖတ်ရင်း ကျနော်သဘောကျနှစ်သက်တဲ့ စာစုလေးတခုကို သွားတွေ့မိတယ်။ အဲဒီစာစုလေးက “ကျနော်တို့အားလုံးမှာပင် မိမိတန်ဖိုးထားသော အရာ၊ မိမိသစ္စာစောင့်သိရမည်ဟု ယုံမှတ်ထားသည့်အရာ။ မိမိလုပ်ဆောင်ရမည့် တာဝန်ဟု မိမိဘာသာ ပြဌာန်းမိသည့်အရာများရှိပါသည်။” တဲ့။ အဲဒီစာစုလေးကို ကျနော်အလွန်ပဲ နှစ်ခြိုက်မိတယ်။
အဲဒီ စာစုလေးထဲကအတိုင်းပဲ ကျနော်တို့ တန်ဖိုးထားအပ်သောအရာ၊ သစ္စာစောင့်သိရမည့်ဟု ယုံမှတ်ထားသည့်အရာ ကျနော်တို့လုပ်ဆောင်ရမည့် တာဝန်ဟု ကျနော်တို့ဘာသာ ခံယူထားသည့် အရာများ ကျနော်တို့အားလုံးမှာ ရှိကြမှာပါ။ အဲ…ဒါပေမယ့် ကိုယ်တန်းဖိုးထားတဲ့အရာ၊ ကိုယ်ယုံကြည်ရာတွေကို တန်ဖိုးမထားသူ မယုံကြည်သူတွေလည်း ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အနီးအနားမှာ ရှိကြမှာပါပဲ။
ကျနော့်မှာလည်း အဲဒီလိုမျိုး အယူအဆမတူ၊ ယုံကြည်ချက်မတူ ရည်မှန်းချက်မတူတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိပါတယ်။ ကျနော့်အပေါ်မှာ ညီမလေးတယောက်လိုချစ်ခင်တဲ့ ကျနော့်ရဲ့ အစ်ကိုကြီးဆိုရင်လည်း ကျနော်နဲ့ အယူအဆခြင်း ယုံကြည်ချက်ခြင်း မတူညီပါဘူး။ ကျနော်တန်ဖိုးထားအပ်တဲ့ အရာ၊ ကျနော်သစ္စာစောင့်သိရမည့် အရာ၊ ကျနော့်တာဝန်လို့ ယူဆထားတဲ့ ကျနော်အလေးအနက်ထားတဲ့ အရာတွေက အစ်ကိုကြီးအတွက်တော့ အဲဒီလိုသဘောထားချင်မှ ထားလိမ့်မည်။ ဒါ့ကြောင့် ကျနော်တို့တွေ ယုံကြည်ရာတွေ အယူအဆတွေကို အမြင်ချင်း၊ သဘောထားခြင်း တခါမှတိုင်ပင် မဆွေးနွေးဖြစ်ခဲ့ဘူး။ မောင်နှမသံယောဇဉ်တခုတည်းနဲ့သာ ကျနော်တို့တွေပေါင်းစည်းမိခဲ့တယ်။
အဓိက ကတော့ နားလည်မှုတွေကြောင့်ပဲဖြစ်မယ်။ ကိုယ်နဲ့အယူအဆခြင်း၊ ယုံကြည်ချက်ခြင်း မတူတာတခုတည်းနဲ့တော့ ကျနော်တို့တွေ စိမ်းကားတဲ့ရန်သူကြီးတွေ ဖြစ်မသွားနိုင်ပါဘူး။ တူတာတွေစုပြီး မတူတာတွေကိုညှိကြမယ်ဆိုရင် အားလုံးအတွက် ကောင်းတဲ့ရလဒ်တွေ ထွက်လာမှာ အသေအချာပါပဲ။ အဲဒီလို မတူတာတွေကို ညှိကြမယ်ဆိုရင်လည်း တဖက်သတ် အယူအဆတွေကို စွန့်လွှတ်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ ကျနော်တို့ ညှိနှိုင်းဖို့လိုကြပြီ။
ကျနော်တန်ဖိုးထားတာတွေ ကျနော်ယုံကြည်ရာတွေကို လက်မခံတဲ့ အစ်ကိုကြီးကတော့ တခါတလေ ကျနော့်ကို “ကိုကြီးရဲ့ ညီမလေးက လူဆိုးမလေး” လို့ ပြောတတ်တယ်။ ပြီးတော့ တခါတလေ ကိုယ်မြင်တဲ့အမြင်နဲ့ ပတ်သက်ပြီးတော့လည်း “ကိုကြီးဘက်က ကြည့်ရင် လက်ဖ၀ါး… ညီမလေးဘက်ကကြည့်ရင် လက်ဖမိုးဖြစ်နေမှာပေါ့” လို့လည်းပြောတတ်တယ်။ တကယ်တော့ ကျနော်တို့ မြင်ချင်တာက ပြည့်စုံတဲ့လက်တချောင်းလုံးကိုပါပဲ။ အစ်ကိုကြီးပြောသလို လက်ဖ၀ါးတခု တည်းလည်းမဟုတ် လက်ဖမိုးတခုတည်းလည်းမဟုတ်ပါဘူး။ ကြည့်မြင်တဲ့ရှုထောင့်ခြင်းမတူလို့သာ ပြည့်ပြည့်စုံစုံမမြင်နိုင်တာပါ။ အစွန်းတဖက်စီမှာ ရောက်နေကြသလိုဖြစ်နေတဲ့ ကျနော်တို့တွေ အလယ်မှာ စုစုစည်းစည်းဖြစ်ကြဖို့ လိုပြီ။ ကိုယ်တန်ဖိုးထားတဲ့အရာသာ တန်ဖိုးအရှိဆုံး၊ ကိုယ်မြင်တဲ့ အမြင်သာ မှန်ကန်တယ်၊ ကိုယ့်အယူအဆတွေသာ အကောင်းဆုံးလို့ ကြွေးကြော်နေတတ်ကြပြီး သူတပါးရဲ့ တန်ုဖိုးထားမှုတွေ အမြင်တွေကိုတော့ တန်ဖိုးမဲ့တွေ ဘာမဟုတ်တဲ့အမြင်တွေလို့ တဖက်သတ်စွပ်စွဲပြောဆိုနေကြရုံနဲ့တော့ ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ မဖြစ်နိုင်ပါ။
အစ်ကိုကြီးက ကျနော်နဲ့ စကားပြောရင် ‘ကိုကြီး’ လို့ သုံးနှုန်းတတ်ပေမယ့် ကျနော်ကတော့ ‘အစ်ကိုကြီး’ လို့ခေါ်နေမြဲ။ တကယ်တော့ ကျနော်ကိုယ်တိုင်လည်း မလိုအပ်တဲ့အယူအဆတွေ အစွဲအလန်းတွေကို စွန့်ပစ်ပြီး လိုက်လျောညီထွေနေတတ်အောင် ကြိုးစားရပါဦးမယ်။
နောက် ကျနော့်သူငယ်ချင်းတယောက်ရှိသေးတယ်။ သူလည်းပဲ ကျနော်နဲ့ အယူအဆမတူ၊ ယုံကြည်ချက်မတူသူ တယောက်ပါပဲလေ။ ဒါပေမယ့် ကျနော်တို့တွေ သူငယ်ချင်းတော့ဖြစ်နေကြသေး။ ကျနော်နဲ့ ရန်ခဏခဏဖြစ်တဲ့ သူငယ်ချင်း။ တွေ့လိုက်တိုင်း တယောက်မဟုတ် တယောက်က ဘုဘောက်ကျပြီး ရန်ဖြစ်နေကျ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျနော့်ရဲ့ Gtalk Picture မှာ ကျနော်လေးစားတန်ဖိုးထားတဲ့ အမေစုရဲ့ပုံကို တင်ထားဖြစ်တယ်။ အဲဒီပုံတင်ထားတော့ ကျနော့်ရဲ့ သူငယ်ချင်း အန်တီလွန်းက အဲဒီပုံကို မတင်ပါနဲ့လို့ ကျနော့်ကို ပြောလာတယ်။ ကျနော်ကတော့ ကျနော်ယုံကြည်ရာအတိုင်း လုပ်နေမယ့်သူ။ သူမတင်ပါနဲ့လို့ပြောတဲ့ အမေစုပုံကိုလည်း တင်မြဲ တင်လျှက်။ ဒီတော့ ကျနော်နဲ့ အန်တီလွန်းနဲ့က တန်ဖိုးထားတာခြင်း မတူရာကနေ စိတ်ချင်းပါ ဝေးသွားသလိုဖြစ်ခဲ့တယ်။
အခုလည်းပဲ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်တခုတည်းကိုပဲကြည့်ပြီး ပြန်ဆုံဖြစ်ကြပြန်ပြီ။ အဲဒီ သူငယ်ချင်းသံယောဇဉ်တွေသာ မရှိခဲ့ရင်…။ သူက ယောင်္ကျားလေးဖြစ်ပေမယ့် ကျနော်ခေါ်တဲ့ အန်တီလွန်းဆိုတဲ့နာမည်ကို လက်ခံပြီး ကျနော့်အပေါ်သည်းခံတတ်တယ်။ ကျနော့်ရဲ့ ခေါင်းမာ တတ်တဲ့အကျင့်ကို ‘ဇွတ်ပဲ’ ဆိုတဲ့ စကားတခွန်းပဲ တုံ့ပြန်ပြီး ကျနော့်ကို အမြဲ အလျှော့ပေးတတ်တယ်။ ကျနော်တို့တွေ တန်ဖိုးထားတာတွေ အယူအဆတွေသာ တူခဲ့မယ်ဆိုရင် အခုထက်ပိုပြီး ခင်မင်ရင်နှီးကြမှာ အမှန်ပါပဲ။ ခုတော့ ကျနော်တို့တွေကြားမှာ အကာအရံကြီးတခုခြားထားတယ်။ အဲဒီအကာအရံက တန်ဖိုးတွေ သစ္စာစောင့်သိမှုတွေ၊ တာဝန်တွေ မတူတဲ့ အကာအရံကြီးတခုပါပဲ။
No comments:
Post a Comment