Saturday, January 1, 2011

Happy New Year!!! လို့ မပြောဖြစ်လိုက်တဲ့ ကျနော်



၂၀၁၀ကနေ ၂၀၁၁ခုနှစ်ကို ပြောင်းတဲ့ည။ ၃၁ရက်နေ့ည ၁၁း၃၀လောက်မှာ ကန်တော်ကြီး ကရ၀ိတ်ဥယျာဉ်ကမ္ဘာထဲကို ကျနော်ရောက်သွားခဲ့တယ်။ ကျနော်တို့ ကန်တော်ကြီးထဲမ၀င်ခင် ကားတွေတန်းစီပြီး လမ်းပိတ်နေလို့ အပြင်မှာ ခဏစောင့်နေရတုန်း ကျနော့်ဘေးဘီကို တချက်ကြည့်မိ လိုက်တယ်။ မြင်ရတဲ့ မြင်ကွင်းကြောင့် အမျိုးအမည်မသိသော ခံစားမှုတခုကို ကျနော်ခံစားလိုက်ရတယ်။ အသက်နှစ်ဆယ်ဝန်းကျင် မိန်းကလေးတဦး အရက်အလွန်အကျွံ မူးနေသောမြင်ကွင်း။ အဲဒီနောက် သူမရဲ့ဘေးမှ အမျိုးသားနှစ်ဦးက တဖက်စီကတွဲလျှက် အငှားယာဉ်တစီးခေါ်ကာ အဲဒီမိန်းကလေးကိုတင်ပြီး ထွက်သွားကြသော မြင်ကွင်း။ အဲဒီမြင်ကွင်းကို ကျနော် အစအဆုံးလိုက်ကြည့်နေမိတယ်။
ခဏအကြာမှာတော့ ကားတွေအနည်းငယ်ရှင်းသွားတာနဲ့ ကန်တော်ကြီးထဲကို ၀င်လာခဲ့တယ်။ ဟိုတစု ဒီတစု လူအုပ်စုတွေ ၀ိုင်းဖွဲ့ပြီး စားသောက်နေတာ လည်းရှိရဲ့။ တချို့လည်း မိသားစုတွေ။ တချို့လည်း သူငယ်ချင်းတွေ။ အဲဒီထဲမှာ ချစ်သူစုံတွဲတွေလည်းပါရဲ့။ Happy New Year ညဆိုတော့ အားလုံးပျော်ရွှင် နေကြပုံပါပဲ။ ပျော်ရွှင်နည်းအမျိုးမျိုးနဲ့ပေါ့။
ဒီဂျေဖွင့်ပြီး ဟက်ပီးနယူးရီးယားကို ပျော်ရွှင်မြူးတူးစွာ ကခုန်ကြိုဆိုနေသူများကလည်း အများသား။ နောက်ပြီး သီချင်းဆိုသူတွေ၊ အဲဒီအသံတွေကို ခံစားနားဆင်နေသူတွေ၊ ချစ်သူနဲ့အတူ တီးတိုးညင်သာ ချစ်စကားဆိုနေသူတွေ၊ ပြီးတော့ သူတို့နဲ့အတူ ကပ်ပါလာတဲ့ အနံဆိုးတွေနဲ့ တလောကလုံး သူတို့ပဲရှိတယ် လို့ ယူဆပြီး အသံကုန်ဟစ်ပြီး အော်ဟစ်ဆူပူနေသူတွေ၊ ပြီးတော့….။ အော် ကျန်သေးတယ်…ကျနော့်လို့ ဟိုငေးဒီငေးနဲ့  ယောင်ချာချာဖြစ်နေတဲ့ သူတွေလည်း အနည်းငယ်ရှိရဲ့။ အဲ…ကျနော် အငေးကောင်းလို့ဗျာ အတူပါလာတဲ့တယောက် သတိပေးလို့ ကံကောင်းလို့ သီသီလေးလွတ်သွားတာ။ လမ်းလယ်ကောင်မှာ မူးပြီးအန်ထားတဲ့ အန်ဖတ်ပုံကြီးက နည်းနည်းနောနောကြီး မဟုတ်ဘူးဗျာ။ ကျနော့်အတိုင်းသာဆို တက်နင်း မိတော့မှာ။ ခုတောင်ပြောရင်းနဲ့ မျက်စိထဲပေါ်လာတယ်။ မေ့ပစ်လို့ မရတာခက်တယ်..ခက်တယ်။
၁၂နာရီထိုးဖို့ကလည်း သိပ်မလိုတော့ဘူး။ အဲဒီထဲမှာပဲ လှည့်ပတ်သွားနေရင်း သတိလက်လွတ် မူးနေတဲ့ မိန်းကလေးတော်တော်များများကိုတွေ့မိတယ်။ ကောင်လေးတွေက ဘေးကနေတွဲလို့။ နောက်ဆုံး တွေ့လိုက်တဲ့ မိန်းကလေးတယောက်ကတော့ အမျိုးသားတယောက်ပွေ့ချီလို့။ ကျနော်က မဆီမဆိုင် အဲဒီမိန်ကလေးတွေအတွက် စိတ်ပူပေးနေမိတယ်။ အတူပါလာတာ သူငယ်ချင်းတွေလား၊ ဒါမှမဟုတ် မိတ်ဆွေတွေလား သူတို့တွေက မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေကော ဟုတ်ပါရဲ့လား။ အမူးလွန်နေပြီး သတိလက်လွတ်ဖြစ်နေတဲ့ လူတယောက်ဟာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပါ့မလား။ အဲဒီ အတွေးတွေနဲ့ ကျနော်မွန်းကျပ်နေခဲ့တယ်။ အပျော်လွန်ကဲမှုတခုရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမှာပါလိမ့်။
ကျနော်အတွေးလွန်နေမိချိန်မှာပဲ Happy New Year လို့ အော်ဟစ်သံတွေ ကျနော့်နားထဲကို ၀င်လာတယ်။ ကျနော်လား... ကျနော် Happy New Year လို့ မပြောဖြစ်လိုက်ပါဘူး။ ကျနော် နှစ်သစ်မှာ ဆုတောင်း နေမိတာက တခုတည်းရယ်ပါ။ အဲဒီဆုကတော့ ကျနော်တွေ့ခဲ့ရတဲ့ အမူးလွန်နေတဲ့ မိန်းကလေးတွေ မိဘတွေရဲ့ အရိပ်အောက်ကို လုံခြုံဘေးကင်းစွာနဲ့ ပြန်ရောက်ပါစေဆိုတဲ့ တခုတည်းသော ဆုကိုပဲ ကျနော် တောင်းဖြစ် လိုက်တယ်။
ဓာတ်ပုံ -  ဂူဂဲလ်

No comments:

Post a Comment